ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံအခမ်းအနားသို့ တက်ရောက်

 

 

နေပြည်တော် ဇန်နဝါရီ ၃၀

 

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ချုပ်၊ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံကို ယနေ့နံနက် ၉ နာရီက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ နာယက ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က Video Message ဖြင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များ စုစည်းဖွဲ့ထားသည့် အင်ဂျင်နီယာ အစုအဖွဲ့ကြီးတစ်ရပ်ဖြစ်ပြီး ၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ် တွင် (၂၅) နှစ် ငွေရတုတိုင်ခဲ့ပြီဖြစ်ပြီး အသင်းဝင်အင်အား ၆၆၅၀၀ ခန့်၊ အသင်းခွဲ ၂၇ ခု၊ အသင်းသားကုမ္ပဏီ ၃၅၀ ခန့်နှင့် ဖွဲ့စည်းထားနိုင်သည့် အနေအထားသို့ ရောက်ရှိနေသည်ကို ကြားသိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း။

 

အင်ဂျင်နီယာများက အဓိကဆောင်ရွက်

အသင်းချုပ်ကြီး၏ အခန်းကဏ္ဍ နှင့် လုပ်ငန်းတာဝန်များသည်လည်း ပိုမိုကြီးမားကျယ်ပြန့်လာပြီး မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု များစွာကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အဓိကရည်ရွယ်ချက်များမှာ မြန်မာ အင်ဂျင်နီယာများ၏ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းမှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ များတွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် အင်ဂျင်နီယာများအနေ ဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ရန် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ တည်ဆောက် ရေးသည် လွန်စွာအရေးပါပြီး ယင်း လုပ်ငန်းများကို အင်ဂျင်နီယာများက အဓိကဆောင်ရွက်ရပါကြောင်း၊ ၂၀၁၆ ခုနှစ် အစိုးရသစ် တာဝန်ယူချိန်မှစပြီး လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဓာတ်အားရရှိရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သိသာ ထင်ရှားသည့် တိုးတက်မှုများစွာကို တွေ့ရမည် ဖြစ်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်

ယင်း အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ သူများလည်း ဝင်ရောက်လာမည် ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ အရည်အသွေး ပြည့်ဝသည့် အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များနှင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာရပ်သင်ကြားရေး အခန်းကဏ္ဍသည် အရေးကြီးပါ ကြောင်းနှင့် အဆိုပါကိစ္စရပ်များကို လည်း အသင်းအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အာဆီယံဒေသတွင်း အဖွဲ့အစည်းများ၊ ပြည်ပအင်ဂျင်နီယာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ အင်ဂျင်နီယာအဖွဲ့ချုပ်၊ အာရှပစိဖိတ် ဒေသအင်ဂျင်နီယာအဖွဲ့ချုပ်၊ ကမ္ဘာ့ အင်ဂျင်နီယာအဖွဲ့ချုပ် စသည်တို့နှင့် ပူးပေါင်းချိတ်ဆက်၍ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ ကို ကျင်းပဆောင်ရွက်လျက်ရှိနေပါ ကြောင်း၊ အသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး အင်ဂျင်နီယာအသင်း ချုပ်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အင်ဂျင်နီယာအသင်းများ ဖွဲ့စည်း နိုင်ရန် အားပေးအားမြှောက်ပြုနေ ခြင်း၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ပညာရှင်အသင်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိ နေရသည့်အတွက် အလွန်ဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊ COVID-19 Pandemic ကာလအတွင်း အသင်း ချုပ်၏ ဆောင်ရွက်ချက်များ ရပ်တန့် သွားခြင်းမရှိဘဲ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ညွှန်ကြား ချက်များနှင့်အညီ အသင်းလုပ်ငန်း များ ဆောင်ရွက်နေကြသည်ကို သိရှိ ရပါကြောင်း။

ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးစား

ယနေ့ကျင်းပသည့် အသင်းသား စုံညီ နှစ်ပတ်လည်အစည်းအဝေး ပြီးလျှင် ၂၀၂၁-၂၀၂၂ ကာလအတွက် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား အစီအစဉ်များကိုလည်း ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းမှ ဆက်လက်ကျင်းပသွားမည်ဟု သိရ ပါကြောင်း၊ အွန်လိုင်းမှ ရွေးချယ်မဲပေးကြမည့်သူများအားလုံးသည် အသင်း ချုပ်၏ တိုးတက်ဖွံ့ဖြိုးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ကြပြီး အင်ဂျင်နီယာလောက၏ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင် ပေးနိုင်ကြမည့် အမှုဆောင်များကို သေချာမဲပေး ရွေးချယ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သစ်လွင် ဆန်းသစ်သည့် စိတ်ကူးအကြံအစည် များနှင့် နိုင်ငံတကာ၏ ဖွံ့ဖြိုးတိုးတက် မှုများနှင့်အညီ မိမိတို့နိုင်ငံလည်း ရင်ပေါင်တန်းလိုက်နိုင်မည့် နိုးကြား တက်ကြွထက်မြက်သည့် လူငယ် လူလတ်များက အမှုဆောင်အဖွဲ့ဝင် များအဖြစ် ရွေးချယ်ခံနိုင်ကြရန်လည်း အရေးကြီးပါကြောင်း၊ ရွေးချယ်ခံကြ ရမယ့် ဗဟိုကော်မတီဝင်များ အားလုံး သည်လည်း နိုင်ငံတော်မှ ချမှတ်ထား သောမူဝါဒများနှင့် အသင်းချုပ်ကြီး၏ ချမှတ်ထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် စီစဉ်ဆောင်ရွက်နေသည့် ရေတိုရေရှည် လုပ်ငန်းစဉ်များအားလုံး အောင်မြင်ရန် အားလုံးတက်ညီ လက်ညီ စည်းလုံးညီညွတ်စွာ ဆောင် ရွက်သွားနိုင်ကြပါရန် ဆန္ဒပြုပါ ကြောင်း၊ အင်ဂျင်နီယာပညာရပ်များ ပိုမိုတိုးတက်ရန် အင်ဂျင်နီယာအသင်း ဝင်များအားလုံး တက်ညီလက်ညီ ပူးပေါင်း၍ နိုင်ငံတော်ကြီး၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ပိုင်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ဖြင့် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်သွားကြရန်နှင့် အသင်းကြီး အစဉ်အမြဲတည်တံ့ တိုးတက်စေရန် ဆန္ဒပြုတိုက်တွန်း နှိုးဆော်လိုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင် နီယာအသင်းချုပ်နာယက ဆောက်လုပ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဂုဏ်ပြုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး အခမ်းအနား အစီအစဉ်များကို ဆက်လက်ကျင်းပ သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ နာယက၊ ဥက္ကဋ္ဌနှင့် အသင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်