ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း KNDF/KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပအိုဝ်းသံဃာတော်များနှင့် လူမျိုးများအား လူမဆန်စွာသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

 

နေပြည်တော်  မတ်  ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် နမ့်နိမ်ကျေးရွာအတွင်း သို့ မတ် ၁၁ ရက်တွင် KNDF/KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး၊  လက်နက်ငယ်များဖြင့်   အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ  ပစ်ခတ်တိုက်ခိုက်မှုကြောင့်  နမ့်နိမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် သုံးပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

 


အဆိုပါ   ဖြစ်စဉ်နှင့်ပတ်သက်၍    ပြင်းထန်စွာဆန့်ကျင်ရှုတ်ချ ကြောင်းကို ယနေ့တွင် ရဟန်းသံဃာတော်များနှင့် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ကွင်း၌  စုပေါင်း၍  ဆန္ဒ ဖော်ထုတ်ကြသည်။ ဆန္ဒဖော်ထုတ်ရာတွင် ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်း ဖန်တီးမှု အလိုမရှိ၊ အပြစ်မဲ့ ပအိုဝ်းသံဃာတော် များနှင့် ပအိုဝ်းလူမျိုးများအားသတ်ဖြတ်မှု အလိုမရှိ၊ သတင်းမှန် ဖုံးကွယ် ရေးသားဖော်ပြသော မီဒီယာများ အလိုမရှိ၊ ပအိုဝ်းပြည်သူ လူထုပိုင်ပစ္စည်းဥစ္စာများအား အတင်းအဓမ္မခိုးယူနေသော အကြမ်း ဖက်သမားများ အလိုမရှိ၊ သာသနာ့အဆောက်အဦများ၊ ပြည်သူလူထု နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ အလိုမရှိ၊ ကျေးရွာနှင့် လူနေအိမ် များ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများ အလိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်  ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး   ဒို့အရေး  စသည့် ကြွေးကြော်သံများ ကြွေးကြော်၍   ပိုစတာများ၊   ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း  သတင်း ရရှိသည်။                                                     

 

သတင်းစဉ်