ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    မတ်    ၁၄


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ  ညွှန်ကြားရေးမှူး   Mr.  SHATIROV   Alexander Sergeevich   ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့ကို  ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သမဝါယမ နှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင် ရွက်နိုင်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊  သဘာဝမြေဩဇာထုတ်လုပ်ရေး        လုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့်    ဆောင်ရွက်သည့်     စိုက်ပျိုး မွေးမြူရေး    လုပ်ငန်းများ၊      ကျေးလက်အခြေခံ အဆောက်အအုံများနှင့်  အသေးစား၊  အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်းများအား လက်တွေ့  ဆောင်ရွက်နိုင်ရေးကိစ္စများကို    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

 


တွေ့ဆုံပွဲသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးမြင့်စိုး၊  အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


သတင်းစဉ်