
ရန်ကုန် မတ် ၁၁
၁၃၈၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီမှ သိရသည်။
“ပြည်သူ့ရင်ပြင်မှာ တိုင်းဒေသကြီး ဗဟိုမဏ္ဍပ် နဲ့ တိုင်းအဆင့်ဌာနဆိုင်ရာတွေရဲ့ ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ ကျင်းပသွားမယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့အတွက် အစဉ်အလာနဲ့အညီ မြို့တော်ခန်းမမှာလည်း ရန်ကုန်မြို့တော် မဟာ သင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်း ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်နှင့် ဂီတအနုပညာရှင် ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်မှုများအပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြား ဌာနများ၊ အလွတ်တန်းအဆင့်အလိုက် ၁၂ ဦး၊ ၁၆ဦး၊ ၂၀ အကပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကဖျော်ဖြေမှုများ ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့်လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ အသီးသီး ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အာကာလင်း