
နေပြည်တော် မတ် ၁၁
နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် အရည် အသွေးနှင့် စျေးနှုန်းမှန်ကန်သော သွင်းအားစုများကို အသုံးပြုနိုင်ရေးအတွက် နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် စီမံဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ တောင်သူ များအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အပြန် အလှန် အကျိုးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာနများ၏ စိုက်ပျိုးပညာလုပ်ငန်းတွင် ဟန်ချက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် အောင်မြင်စွာအကောင်အထည်ဖော် နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့ ဆရာစံခန်းမတွင် ကျင်းပသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်တောင်သူများ၊ အလုပ်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ သွင်းအားစုလုပ်ငန်းရှင်အစုအဖွဲ့များ၊ ဝယ်ယူကြိတ်ခွဲ မှု လုပ်ငန်းရှင်အစုအဖွဲ့များ၊ သာယာဝတီမြို့နယ် နွေစပါးစိုက်တောင်သူများ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင် များ၊ တောင်သူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့နယ် သင်တောရိုးအုပ်စုရှိ စပါးသီးနှံ တစ်နှစ်သုံးသီး ၁၀ဧက စံပြစိုက်ခင်းကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးရာ သင်တန်း ကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏ လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ခေတ်မီတိုးတက်မှုရှိသော မြေစာရင်း ဖွံ့ဖြိုးမှုဆိုင်ရာ သင်ကြားမှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေး၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် စီမံကိန်းလုပ်ငန်းများတွင် အကောင်းဆုံး အထောက် အပံ့ ပြုနိုင်သည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်း အချက်အလက်များဖြစ်စေရေး ကြိုးပမ်း ရန်၊ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးနှင့် မြေစာရင်း ပညာဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်