အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေများ

 

(ယမန်နေ့မှအဆက်)    


    ( င )    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၇ ပါ ရေကြောင်းပို့ဆောင်ရေးကိုလည်းကောင်း၊ ထိုဥပဒေပုဒ်မ ၃၃ ပါ ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံနှင့် ထိုအဆောက်အအုံ ပေါ်ရှိ လူများကိုလည်းကောင်း ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်သည့် အကြမ်းဖက်မှု များအား တားဆီးနှိမ်နင်းရေး၊ တိုက်ဖျက်ရေးနှင့် အရေးယူဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ပေးပို့ဖလှယ်ကြရန် သက်ဆိုင်ရာသင်္ဘောပိုင်ရှင်များ၊ ရေယာဉ်မှူး များနှင့် သင်္ဘောကုမ္ပဏီများ၊  ဆိပ်ကမ်းအာဏာပိုင်နှင့်   ဆိပ်ကမ်းကိုယ်စားလှယ်များအား ညွှန်ကြားချက်များ ထုတ်ပြန်ရမည်။
    ( စ )    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဆောင်ရွက်ရာတွင် လိုအပ်ပါက သင်္ဘောအား တားဆီး ထိန်းသိမ်းရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအား တာဝန်ပေးနိုင်သည်။
    (ဆ)    နည်းဥပဒေခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)နှင့်(စ)တို့အရ ဆောင်ရွက်မှုများကို ဗဟိုအဖွဲ့သို့ အစီရင်ခံရ မည်။
၄၇။  ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းကော်မတီသည် ရေကြောင်းပို့ဆောင်ရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးနှင့် အရေးယူရေးတို့အတွက် အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
    (က)    ရေကြောင်းဘက်ဆိုင်ရာ အကြမ်းဖက်မှု ပေါ်ပေါက်လာပါက ဆက်သွယ်ဆောင်ရွက်ရမည့်အဖွဲ့ များနှင့် တာဝန်ခံများအား သတ်မှတ်တာဝန်ပေးခြင်းနှင့် ထိုအဖွဲ့များနှင့် တာဝန်ခံများအား ဆက်သွယ်ဆောင်ရွက်ရမည့် တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်နှင့် လိပ်စာများကို သတ်မှတ် ကြေညာထားခြင်း၊
    ( ခ )    နိုင်ငံတော်အတွင်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊   ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများ၏ ဆက်သွယ်ရမည့်တာဝန်ခံပုဂ္ဂိုလ်၊ လိပ်စာ၊ ဖက်(စ်)၊ အီးမေးလ်၊ ဖုန်းနံပါတ် များကို ပြုစုထားရှိခြင်း၊
    ( ဂ )    မိမိလုပ်ငန်းကော်မတီဝင်များနှင့် အခြားလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်ခြင်းနှင့် ဆောင်ရွက်မှုကို ကြီးကြပ် ခြင်း၊
    (ဃ)    ဗဟိုအဖွဲ့၏လမ်းညွှန်ချက်အရ အခြားလုပ်ငန်းကော်မတီများ၊ လုပ်ငန်းအဖွဲ့များနှင့် လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ နှစ်နိုင်ငံသဘောတူညီချက်အရ လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊
    (င)    အကြမ်းဖက်မှုများဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ကျွမ်းကျင်သောပုဂ္ဂိုလ်များ ခန့်ထားခြင်းနှင့်  အထူးလေ့ကျင့်ထားသည့်  တပ်ဖွဲ့များဖွဲ့စည်း၍   ဆောင်ရွက်စေခြင်းနှင့် ဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊
    ( စ )    အကြမ်းဖက်မှုများ ဖြစ်ပေါ်လာသည့်အခါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဗဟိုအဖွဲ့သို့ ဆောလျင်စွာ တင်ပြအစီရင်ခံစေခြင်း။
၄၈။  ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းကော်မတီသည်  နိုင်ငံတော်အတွင်းဖြစ်ပေါ်သော  ရေကြောင်းပို့ဆောင်ရေးကိုဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေးအတွက် အောက်ပါလုပ်ငန်းစဉ်များချမှတ်ပြီး အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်-
    (က)    အကြမ်းဖက်မှုများအား တိုက်ဖျက်ရေးနှင့် စုံစမ်းစစ်ဆေးရေးတို့အတွက် စီမံချက်များ ချမှတ် ခြင်းနှင့် စီမံချက်ပါအတိုင်း တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် များအား ကျွမ်းကျင်မှုလေ့ကျင့်သင်တန်းများပေးပြီး  လက်တွေ့ကျကျ   ကြိုတင်လေ့ကျင့် ဆောင်ရွက်ခြင်း၊
    ( ခ )    ဆိပ်ကမ်းများ၊  ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံ၊   သင်္ဘောများပေါ်တွင် အပြည်ပြည်ဆိုင်ရာသင်္ဘောနှင့် ဆိပ်ကမ်းများလုံခြုံရေးဥပဒေ [International Ships and Ports Facility Security Code (ISPS Code)] အရ သတ်မှတ်ထားသော လုံခြုံရေးအဆင့် အတန်းအစီအမံများကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်း၊
    ( ဂ )    သင်္ဘောပေါ်တွင်လည်းကောင်း၊ ဆိပ်ကမ်းတစ်ခုခုတွင်လည်းကောင်း၊ ရေအောက်သယံဇာတ ရှာဖွေရေးအဆောက်အအုံတွင်လည်းကောင်း အကြမ်းဖက်မှုဖြစ်စဉ်၊ ခြိမ်းခြောက်မှု ဖြစ်စဉ် ဖြစ်ပွားပါက ကိုင်တွယ်ဖြေရှင်းမည့် အစီအမံများအားရေးဆွဲပြီး လေ့ကျင့်မှုများ ဆောင်ရွက် ခြင်းနှင့် ကြီးကြပ်ခြင်း၊
    (ဃ)    နိုင်ငံတော်ပိုင်နက်ပင်လယ်အတွင်း သွားလာနေသော သင်္ဘောများမှ အကူအညီ တောင်းခံလာ လျှင် လိုအပ်သောအကူအညီများပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် လိုအပ် သောအစီအမံများချမှတ်၍ သင်္ဘောပိုင်ရှင်များ၊ ရေယာဉ်မှူးများ၊ သင်္ဘောသားများအား အသိပညာပေးခြင်း၊
    ( င )    နိုင်ငံတော်ပိုင်နက်ပင်လယ်အတွင်းသွားလာနေသော သင်္ဘော၊ ရေယာဉ်များမှ အကူအညီ တောင်းခံလာလျှင် လိုအပ်သောအကူအညီများပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ် နိုင်ရန်အတွက် လိုအပ်သောအစီအမံများကို ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာသင်္ဘောပိုင်ရှင်၊ ဆိပ်ကမ်းအာဏာပိုင်နှင့် သင်္ဘောကုမ္ပဏီများ၊ ရေယာဉ်မှူးများနှင့် ဆိပ်ကမ်းကိုယ်စားလှယ် များအား သတင်းအချက်အလက်များ ပေးပို့ဖလှယ်ဆောင်ရွက်ခြင်း၊
    ( စ )    ရေကြောင်းပို့ဆောင်ရေးကို ဘေးအန္တရာယ်ဖြစ်စေရန်   ဥပဒေမဲ့ပြုလုပ်မှုများအား  တားဆီးနှိမ်နင်းရေးဆိုင်ရာကွန်ဗင်းရှင်း (Convention for the Suppression of Unlawful Acts Against the Safety of Maritime Navigation-SUA Convention)နှင့် ကမ်းလွန် ရေတိမ်ပိုင်းရှိ ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံများအား ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ ပြုလုပ်မှုများအား တားဆီးနှိမ်နင်းရေးဆိုင်ရာ  ပရိုတိုကောလ်  (Protocol for the Suppression of Unlawful Acts Against the Safety of Fixed Platforms Located on the Continental Shelf (SUA PROT) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း။
၄၉။    ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းကော်မတီသည်  နိုင်ငံတော်အတွင်းဖြစ်ပေါ်သော  ရေကြောင်းပို့ဆောင်ရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းမှုကို ဆောင်ရွက်သည့်အခါ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-
    (က)    ကနဦးစစ်ဆေးဆောင်ရွက်ချက်အား ဆောလျင်စွာပြုလုပ်ခြင်း၊
    ( ခ )    နိုင်ငံခြားသားဖြစ်ပါက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိအဖွဲ့အစည်းသို့ ကနဦး   စစ်ဆေးတွေ့ရှိချက် များနှင့်အတူ အကြောင်းကြားခြင်း၊
    ( ဂ )    နိုင်ငံမဲ့ဖြစ်ပါက အစဉ်အမြဲနေထိုင်လေ့ရှိသောနိုင်ငံသို့ ကနဦးစစ်ဆေးတွေ့ရှိချက်များနှင့်အတူ အကြောင်းကြားခြင်း။
၅၀။ ရေကြောင်းကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့သည် -
    (က)    နိုင်ငံတော်၏ ပိုင်နက်ပင်လယ်ရေပြင်တွင် တရားဥပဒေစိုးမိုးရေးအတွက်လည်းကောင်း၊ ရေကြောင်း ပို့ဆောင်ရေးကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတ ရှာဖွေရေးအဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးအတွက်လည်းကောင်း တာဝန်ရှိသည်။
    ( ခ )    နိုင်ငံတော်၏ပိုင်နက်ပင်လယ်ရေပြင်တွင် ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့အကြမ်းဖက်မှု များအား  လိုအပ်သောတပ်ဖွဲ့အင်အားကိုအသုံးပြု၍  တားဆီးချေမှုန်း  ဖြေရှင်းဆောင်ရွက် နိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင်-
        (၁)    လိုအပ်သောတပ်ဖွဲ့အင်အားကို အသုံးပြုနိုင်သည်။
        (၂)    ရရှိသည့်အချိန်လုံလောက်ပါက ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတ ရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကော်မတီ နှင့် အထက်ဌာနသို့ သတင်းပို့ဆောင်ရွက်ရမည်။
        (၃)    ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်လျှင် ရေယာဉ်မှူး၏ ဆုံးဖြတ်ချက်ဖြင့်  အချိန်မီ ဆောင်ရွက်နိုင်သည်။
        (၄)    အတင်းအဓမ္မ အင်အားသုံးခြိမ်းခြောက်ခြင်းခံရ၍ဖြစ်စေ၊ အန္တရာယ်ရုတ်တရက် ကြုံတွေ့ရ သည့်အခါတွင်ဖြစ်စေ ရေယာဉ်မှူးသည် ကာကွယ်ခုခံနိုင်သည့် အခွင့်အရေးရှိသည်။
        (၅)    မိမိကိုယ်ကိုကာကွယ်ခုခံခြင်းအပြင် အခြားသူတစ်ဦးဦးကို အပြင်းအထန်နာကျင်စေမည့် ဘေး သို့မဟုတ် အသက်အန္တရာယ်ဘေးမှ အကာအကွယ်ပေးရန် အကျိုးအကြောင်းခိုင်လုံ ပါက လိုအပ်သောတပ်ဖွဲ့အင်အားကို အသုံးပြုနိုင်သည်။
        (၆)    ရေယာဉ်မှူးကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် ဘေးအန္တရာယ်ကျရောက်မည့် အခြေအနေကြုံတွေ့ပါက ရေယာဉ်မှူး၏ ဆုံးဖြတ်ချက်ဖြင့် လိုအပ်သောတပ်ဖွဲ့အင်အားကို အသုံးပြုနိုင်သည်။
၅၁။    ရေကြောင်းကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့သည် ရေကြောင်းပို့ဆောင်ရေးကို ဘေးအန္တရာယ် ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံကို ဘေးအန္တရာယ် ဖြစ်စေသည့် ဥပဒေမဲ့အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရန် သံသယဖြစ်ဖွယ်ရှိသော ပစ်မှတ်ရေယာဉ် အား ရှာဖွေစစ်ဆေးရေး၊ ရပ်တန့်ခြင်းမရှိသော သို့မဟုတ် လိုက်နာရန်ငြင်းဆန်သော ပစ်မှတ်ရေယာဉ်များ နှင့် လက်နက်ဖြင့်  ပြန်လည်ခုခံလာသော    ပစ်မှတ်ရေယာဉ်များအား  လိုအပ်သလို တားဆီးနှိမ်နင်းရေး အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၅၂။    ရေကြောင်းကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့သည် ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံ ဇာတရှာဖွေရေးအဆောက်အအုံဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေမည့် အကြမ်းဖက်မှုများအတွက် ရေကြောင်း ပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ၎င်းတို့၏လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သုံးလျက် အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-
    (က)    ဥပဒေမဲ့ပြုလုပ်သောအကြမ်းဖက်မှုများအား တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းဖော်ထုတ်ခြင်း၊
    ( ခ )    မြန်မာ့ပင်လယ်ရေပြင်နှင့် ဆိပ်ကမ်းများ၊ ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံ များကို ပုံမှန်စောင့်ကြပ်ခြင်း၊ ကင်းလှည့်စစ်ဆေးခြင်း၊
    (ဂ)    ရေယာဉ်အပိုင်စီးခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်း၊ ဗုံး သို့မဟုတ် အခြားပေါက်ကွဲစေတတ် သော ပစ္စည်းဖြင့် ခြိမ်းခြောက်မှု၊ ဘေးအန္တရာယ်ပြုမှုများအား သက်ဆိုင်ရာတားဆီးနှိမ်နင်းရေး တပ်ဖွဲ့များ၊ ချေမှုန်းရေးတပ်ဖွဲ့များနှင့် ဗုံးရှင်းလင်းရေးအထူးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ထိန်းချုပ် ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခြင်း၊
    (ဃ)    ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လုပ်ငန်းဆိုင်ရာဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ထားရှိခြင်း၊   (င)    လိုအပ်သည့်အချိန်တွင်      သင်္ဘောပေါ်တွင်လည်းကောင်း၊      သင်္ဘောနှင့်အတူလိုက်ပါ၍ လည်းကောင်း လုံခြုံရေးလိုက်ပါဆောင်ရွက်ခြင်း။
၅၃။     ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်  နိုင်ငံတော်အတွင်း  ခွင့်ပြုချက်   သို့မဟုတ် လိုင်စင်ထုတ်ပေးထားသော  ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံများ၏  တည်နေရာနှင့် အချက်အလက်များကို  အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့   (International  Maritime   Organization-  IMO) သို့ ပေးပို့အကြောင်းကြားရမည်။
၅၄။      ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် နိုင်ငံတော်အတွင်းဖြစ်ပေါ်သော ရေကြောင်း ပို့ဆောင်ရေးကို  ဘေးအန္တရာယ်ဖြစ်စေသည့်   ဥပဒေမဲ့ပြုလုပ်မှုများနှင့် ရေအောက်သယံဇာတ ရှာဖွေရေး အဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့သို့ အောက်ပါအချက်များဖော်ပြ၍ အကြောင်းကြားရမည်- 
(က)    အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အကျဉ်း၊ 
(ခ)    အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုအမည် (သိရှိလျှင်)၊
(ဂ)    အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရာ၌   ခရီးသည်နှင့်   ကုန်ပစ္စည်းများကို မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ခဲ့သည့်အခြေအနေ၊
(ဃ)    ဥပဒေကြောင်းအရ ဆက်လက်၍ အရေးယူဆောင်ရွက်မည့် အစီအစဉ်များ။
၅၅။    ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည်−
(က)    အကြမ်းဖက်မှုဆိုင်ရာကိစ္စအတွက်    စုံစမ်းစစ်ဆေးရန်     တားဆီးထိန်းသိမ်းထားသော သင်္ဘောနှင့် သင်္ဘောပိုင်ရှင်အား စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် အကြမ်းဖက်မှု ကျူးလွန်ခြင်းမရှိကြောင်းတွေ့ရှိသဖြင့် အရေးယူဆောင်ရွက်ရန် မလိုအပ်ကြောင်း တွေ့ရှိပါက ရေကြောင်းပို့ဆောင်ရေးနှင့်    ရေအောက်သယံဇာတရှာဖွေရေး   အဆောက်အအုံများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကော်မတီ၏  ခွင့်ပြုချက်ဖြင့် သင်္ဘောကို ပြန်လည် လွှတ်ပေးရမည်။
(ခ)    နည်းဥပဒေခွဲ   (က)  အရ    တားဆီးထိန်းသိမ်းထားသော သင်္ဘောနှင့်  သင်္ဘောပိုင်ရှင်အား စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေစဉ်ကာလအတွက် ဆိပ်ကမ်းအခွန်အခများကို ကင်းလွတ် ခွင့် ပေးစေရမည်။
အခန်း (၁၀)
စုံစမ်းထောက်လှမ်းရှာဖွေရေးအတွက် အမှတ်အသားပြုလုပ်ခြင်းနှင့် 
အမှတ်အသားပြုလုပ်မထားသည့် ပေါက်ကွဲစေတတ်သော 
ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း
၅၆။      ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ သည်   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ    ၃၅  ပါ   ပေါက်ကွဲစေတတ်သော    ပလတ်စတစ် ဝတ္ထုပစ္စည်းဆိုင်ရာ   ပြစ်မှုများမဖြစ်ပွားစေရန်   ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနှင့် အရေးယူ ဆောင်ရွက်ရေးတို့အတွက်   အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ  ထုတ်ပြန်ထားသည့်    အမိန့်၊ ညွှန်ကြားချက်များ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သော အစီအမံများကို ချမှတ်ထားရမည်။
၅၇။    ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနှင့်    အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး   လုပ်ငန်း အဖွဲ့သည်   ပေါက်ကွဲစေတတ်သော  ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာ ပြစ်မှုများမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနှင့် အရေးယူဆောင်ရွက်ရေးတို့အတွက် နည်းဥပဒေ ၅၆ အရ ချမှတ် ထားသော အစီအမံများနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ဝင်များနှင့် ကျွမ်းကျင်သူများအား တာဝန်ပေးရမည်။
၅၈။      ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ သည် ၁၉၉၁ ခုနှစ်၊ စုံစမ်းထောက်လှမ်းရှာဖွေရေးအတွက် ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထု ပစ္စည်းများအား အမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (The Convention of Plastic Explosives) နှင့်ညီညွတ်ခြင်းမရှိသော အောက်ပါ  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအား ဖြစ်နိုင်သမျှဆောလျင်စွာ ဖျက်ဆီးရမည်-
(က)    မည်သည့်ပေါက်ကွဲစေတတ်သောပစ္စည်းပါဝင်ကြောင်း အမှတ်အသားပြုလုပ်ထားခြင်း မရှိ သည့် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ၊
(ခ)    သက်ဆိုင်ရာအာဏာပိုင် သို့မဟုတ် ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ် သည့်၊ ဖြန့်ဖြူးသည့်၊ တင်သွင်းသည့်၊ တင်ပို့သည့်၊ ဖြတ်သန်းသယ်ဆောင်သည့် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနှင့်   ဆိုက်ကပ်ရပ်နားထားသည့်   ယာဉ်ပေါ်တွင်ပါရှိသည့် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ။
၅၉။      မည်သည့်ပေါက်ကွဲစေတတ်သောပစ္စည်းပါဝင်ကြောင်း အမှတ်အသား ပြုလုပ်ထားခြင်းမရှိသည့် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများကို နိုင်ငံတော်က လုပ်ပိုင်ခွင့်အပ်နှင်းထားသော တာဝန်ရှိသူ၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာစီမံအုပ်ချုပ်သူ၏ ကြီးကြပ်မှုအရ တပ်မတော်ကဖြစ်စေ၊ ရဲတပ်ဖွဲ့က ဖြစ်စေ   ဆောင်ရွက်မှုများသည်     အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ   ၃၅ ပါ  ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာ ပြစ်မှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၆၀။      ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ သည်   တပ်မတော်နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ လက်နက်တိုက်တွင် ပြည်ပမှတင်သွင်းသော သို့မဟုတ် နိုင်ငံတော်အတွင်းထုတ်လုပ်သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများနှင့် ရှိပြီးဖြစ်သော အမှတ်အသား မပြုလုပ်ရသေးသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ဖျက်ဆီးရေးအတွက် လိုအပ်သော လုပ်ငန်း အစီအစဉ်များချမှတ်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား  တာဝန်ပေးအပ် ရမည်။    
၆၁။       ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)    တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားဝန်ကြီးဌာနတစ်ခုခု၏ ခွင့်ပြုချက်ဖြင့် ပေါက်ကွဲစေ တတ်သောဝတ္ထုပစ္စည်းများကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်မှုနှင့်  ဆိုက်ကပ်ရပ်နားသည့် ယာဉ်ပေါ်တွင် တင်ဆောင်မှုများကို  ကြီးကြပ်ခြင်း၊ ထိုသို့ ဆောင်ရွက်ခွင့်ပြုနိုင်ရန် စိစစ်ပြီး သဘောတူညီချက်ပေးနိုင်ရန်  ဗဟိုအဖွဲ့သို့ တင်ပြ ခြင်း၊
(ခ)    ၁၉၉၁ ခုနှစ် စုံစမ်းထောက်လှမ်းရှာဖွေရေးအတွက် ပေါက်ကွဲစေတတ်သော ပလတ်စတစ် ဝတ္ထုပစ္စည်းများအား    အမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ   ကွန်ဗင်းရှင်းနှင့်အညီ    လိုက်နာ ဆောင်ရွက်စေရန် ကြပ်မတ်ခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများသို့ အသိပညာ ပေးခြင်း၊
(ဂ)    တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည့် သို့မဟုတ် မည်သည့်ပေါက်ကွဲစေတတ် သော ပစ္စည်းပါဝင်ကြောင်း မှတ်သားထားခြင်းမရှိသည့်  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များကို နိုင်ငံတော်၏ နယ်နိမိတ်အတွင်းဖြစ်စေ၊ နယ်နိမိတ်ပြင်ပသို့ဖြစ်စေ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ဖြတ်သန်းသယ်ယူပို့ဆောင်မှုနှင့်  ဆိုက်ကပ်ရပ်နားသည့် ယာဉ်ပေါ်တွင်တင်ဆောင်မှုများကို တားဆီးနှိမ်နင်းရေးနှင့် အရေးယူရေးတို့အတွက် အစီအမံ များ ချမှတ်ဆောင်ရွက်ခြင်း၊
(ဃ)    တားဆီးနှိမ်နင်းရေးနှင့် အရေးယူရေးတို့ပြုနိုင်ရန် အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်း ရေးလုပ်ငန်းကော်မတီက နည်းဥပဒေ ၇၂ အရ ဖွဲ့စည်းပေးသော စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့တို့အား အချိန်ပြည့်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ တာဝန်ပေးအပ်ခြင်း၊
(င)    ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊ ဖြတ်သန်းသယ်ယူပို့ဆောင်မှုနှင့်  ဆိုက်ကပ်ရပ်နားမှု  စသည်တို့ဆောင်ရွက်ရန် ခွင့်ပြုချက် ထုတ်ပေးသည့် အခွင့်ရအာဏာပိုင် သို့မဟုတ် ပြည်ထောင်စုဝန်ကြီးဌာနက ထိုသို့ခွင့်ပြုချက် မပေးမီ မိမိလုပ်ငန်းအဖွဲ့သို့ ကြိုတင်ညှိနှိုင်းသဘောတူညီချက်ရယူစေခြင်း၊
(စ)    ပေါက်ကွဲစေတတ်သော   ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာ    ပြစ်မှုတစ်ခုခုကို      ကျူးလွန်မှု၊ ကျူးလွန်ရန်  အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု  သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ်  ပါဝင်ဆောင်ရွက်မှုတို့အပေါ် ဥပဒေအရ အရေးယူတရားစွဲဆိုရန် ထိုဥပဒေ ပုဒ်မ ၇၀ အရ ကြိုတင်ခွင့်ပြုချက် တောင်းခံရာတွင် စိစစ်ဆောင်ရွက်ပြီး ဗဟိုအဖွဲ့သို့ တင်ပြ ခြင်း၊
(ဆ)    ပေါက်ကွဲစေတတ်သော ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေး၊  တားဆီးနှိမ်နင်းရေးနှင့် အရေးယူဆောင်ရွက်ရေးတို့အတွက် အစီအမံများ ချမှတ်ပြီး ဆောင်ရွက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ဆောင်ရွက်စေခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဇ)    အမှတ်အသားပြုလုပ်မထားသည့် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအား လက်ဝယ် ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်းမပြုရန် တားမြစ်ကန့်သတ်သည့်  အမိန့်များ  ထုတ်ပြန်နိုင် ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့ တင်ပြခြင်းနှင့် ဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊
(ဈ)    မိမိလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များကို ဗဟိုအဖွဲ့သို့ အခါအားလျော်စွာ တင်ပြခြင်း။
၆၂။       ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများနှင့် အကြမ်းဖက်မှုများအားတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည်-
(က)    တပ်မတော် သို့မဟုတ် ရဲတပ်ဖွဲ့၏  လက်နက်တိုက်တွင် အမှတ်အသားမပြုလုပ်ရသေးသည့် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကိုသော်လည်းကောင်း၊ ပြည်ပမှ  တင်သွင်းသော သို့မဟုတ်   နိုင်ငံတော်အတွင်း  ထုတ်လုပ်သော သို့မဟုတ် ရှိပြီးဖြစ်သော အမှတ်အသား မပြုလုပ်ရသေးသည့်    ပေါက်ကွဲစေတတ်သော  ဝတ္ထုပစ္စည်းများကိုသော်လည်းကောင်း ဖျက်ဆီးရေးအတွက် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရမည်။
(ခ)    နည်းဥပဒေခွဲ  ( က) အရ   စီမံဆောင်ရွက်ရာတွင်   ပေါက်ကွဲစေတတ်သော   ပလတ်စတစ် ဝတ္ထုပစ္စည်းဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ဂ)    ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများကို လက်ဝယ်ထားခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို ထိရောက်စွာ ကန့်သတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာခြင်း ရှိ မရှိ ကြီးကြပ် ကွပ်ကဲရမည်။ 
၆၃။    စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များသည်-
(က)    ၁၉၉၁ ခုနှစ်၊ စုံစမ်းထောက်လှမ်းရှာဖွေရေးအတွက် ပေါက်ကွဲစေတတ်သော  ပလတ်စတစ် ဝတ္ထုပစ္စည်းများ     အမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ    ကွန်ဗင်းရှင်းနှင့်အညီ   လိုက်နာ ဆောင်ရွက်ခြင်းမပြုသည့်အပြင်  မည်သည့်ပေါက်ကွဲစေတတ်သောပစ္စည်း  ပါဝင်ကြောင်း မှတ်သားထားခြင်းမရှိသည့်   ပေါက်ကွဲစေတတ်သော   ဝတ္ထုပစ္စည်းများကို နိုင်ငံတော်၏ နယ်နိမိတ်အတွင်း    မည်သည့်အရပ်ဒေသတွင်မဆို   ကြည့်ရှုစစ်ဆေးခြင်း၊   ရှာဖွေခြင်း ဆောင်ရွက်နိုင်သည်။
(ခ)    အမှတ်အသားပြုလုပ်ခြင်းနှင့်  အမှတ်အသားပြုလုပ်မထားသည့်  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဆိုင်ရာ  ပစ္စည်းများကို   နိုင်ငံတော်၏   နယ်နိမိတ်အတွင်းဖြစ်စေ၊    နယ်နိမိတ် ပြင်ပသို့ဖြစ်စေ အခွင့်ရအာဏာပိုင်၏  ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ တင်သွင်းမှု၊ တင်ပို့မှု၊   ဖြတ်သန်းသယ်ယူပို့ဆောင်မှု  သို့မဟုတ်   ဆိုက်ကပ်ရပ်နားသည့်  ယာဉ်ပေါ်တွင် တင်ဆောင်မှုပြုလုပ်ကြောင်း စုံစမ်းစစ်ဆေးရှာဖွေတွေ့ရှိပါက ချိပ်ပိတ်ခြင်း၊ တားမြစ်ခြင်း၊  တားဆီးကာကွယ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုနိုင်သည်။
(ဂ)    နိုင်ငံတော်၏ နယ်နိမိတ်သတ်မှတ်ဧရိယာ လေပိုင်နက်၊ ရေပိုင်နက်နှင့်  ကုန်းတွင်းပိုင်နက် အတွင်း  အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရန် သို့မဟုတ် အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှု ကျူးလွန်ရန် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဆိုင်ရာ  အရာဝတ္ထုများသယ်ဆောင်လာ သော မည်သည့်ပို့ဆောင်ရေးယာဉ်ကိုမဆို ရပ်တန့်စစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း နှင့် အရေးယူဆောင်ရွက်ခြင်းတို့ ပြုနိုင်သည်။
(ဃ)    တည်ဆဲဥပဒေ     တစ်ရပ်ရပ်အရ    ခွင့်ပြုချက်မရှိဘဲ    နိုင်ငံတော်၏     နယ်နိမိတ်အတွင်း ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ အရာဝတ္ထုများပါရှိခြင်း၊ သယ်ဆောင်ခြင်း၊  သိုဝှက်ထားခြင်းတို့အား စစ်ဆေးရှာဖွေတွေ့ရှိသည့် မည်သည့်ပို့ဆောင်ရေးယာဉ်ကိုမဆို နိုင်ငံတော်နယ်နိမိတ်အတွင်းမှ  လေကြောင်း၊ ရေကြောင်း၊  ကုန်းကြောင်းထွက်ခွာခွင့်များအား တားဆီးခြင်း၊ တားမြစ်ခြင်း၊ ပိတ်ဆို့ခြင်း၊ ရပ်တန့်ခြင်း၊ သိမ်းဆည်းခြင်းနှင့်  အရေးယူဆောင်ရွက်ခြင်းတို့ ပြုနိုင်သည်။
အခန်း (၁၁)
အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုများအား
 တားဆီးနှိမ်နင်းခြင်း
၆၄။      အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် ဥပဒေပုဒ်မ ၃၉ ပါ သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန်သော်လည်းကောင်း၊ စီးပွားရေးနစ်နာဆုံးရှုံးမှု ကြီးမားစွာဖြစ်စေရန် သော်လည်းကောင်း၊  ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးစေရန်သော်လည်းကောင်း   ရည်ရွယ်၍ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုဖြစ်သည့် နိုင်ငံတော်အတွင်း အများပြည်သူအသုံးပြုသည့် နေရာတွင်ဖြစ်စေ၊   နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်စက်ပစ္စည်းကိရိယာနှင့်  အသုံးအဆောင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊   ဓာတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊  တာဝါတိုင်များ၊ ဆက်သွယ်ရေးကေဘယ်လိုင်းများ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် သို့မဟုတ် အခြေခံအဆောက်အအုံပစ္စည်း တစ်ခုခုတွင်ဖြစ်စေ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းကို  ပေးအပ်မှု၊ ချထားမှု၊ စွန့်ပစ်မှု သို့မဟုတ် ဖောက်ခွဲမှု သို့မဟုတ် ယင်းတို့ကို ဖျက်ဆီးမှု ဆိုင်ရာပြစ်မှုများကို    တားဆီးနှိမ်နင်းရေးနှင့်  အရေးယူဆောင်ရွက်ရေးတို့အတွက်     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ  သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော   အောက်ဖော်ပြပါ    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတိုက်ဖျက်ရေး  ကွပ်ကဲမှုအဖွဲ့အသီးသီးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့နှင့်သော်လည်းကောင်း၊     နေပြည်တော် ကောင်စီနှင့်သော်လည်းကောင်း ညှိနှိုင်း၍ဖွဲ့စည်းပေးရမည်-
(က)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတိုက်ဖျက်ရေး ကွပ်ကဲမှု အဖွဲ့
(၁)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး                         အဖွဲ့ခေါင်းဆောင်
(၂)    ညွှန်ကြားရေးမှူး၊   တိုင်းဒေသကြီး သို့မဟုတ်                                         အဖွဲ့ဝင်
    ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   
(၃)    တပ်မတော်နယ်မြေခံတပ်မှ အရာရှိတစ်ဦး                                            အဖွဲ့ဝင်
(၄)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မီးသတ်ဦးစီးဌာနမှူး                        အဖွဲ့ဝင်
(၅)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်                     အဖွဲ့ဝင်
    ကုသရေး ဦးစီးဌာနမှူး၊     
(၆)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူး၊                                        အဖွဲ့ဝင်
    (လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ)
(ခ)    ပြည်ထောင်စုနယ်မြေ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုတိုက်ဖျက်ရေး ကွပ်ကဲမှုအဖွဲ့
(၁)    ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့                                          အဖွဲ့ခေါင်းဆောင်
(၂)    ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီ၊                                               အဖွဲ့ဝင်
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန           
(၃)    တပ်ဖွဲ့မှူး၊ နေပြည်တော်ရဲတပ်ဖွဲ့                                                             အဖွဲ့ဝင်
(၄)    တပ်မတော်နယ်မြေခံတပ်မှအရာရှိတစ်ဦး                                                 အဖွဲ့ဝင်
(၅)    ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာန                                          အဖွဲ့ဝင်
(၆)    ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊           အဖွဲ့ဝင်
     ပြည်သူ့ကျန်းမာရေးဦးစီးဌာန
(၇)    ဒုတိယညွှန်ကြားရေးမှူးချုပ်၊  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန                         အဖွဲ့ဝင်
(ဂ)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း    သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှုတိုက်ဖျက်ရေး ကွပ်ကဲမှုအဖွဲ့
(၁)    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်                                       အဖွဲ့ခေါင်းဆောင်
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရဲတပ်ဖွဲ့မှူး
(၂)    ဒုတိယညွှန်ကြားရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်                   အဖွဲ့ဝင်
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန                       
(၃)    တပ်မတော်နယ်မြေခံတပ်မှအရာရှိတစ်ဦး                                            အဖွဲ့ဝင်
(၄)    မီးသတ်ဦးစီးဌာနမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း                                   အဖွဲ့ဝင်
    သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ                                                  
(၅)    ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း                   အဖွဲ့ဝင်
    သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ                                                 
(၆)    ဦးစီးမှူး၊ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ)                       အဖွဲ့ဝင်
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဃ)    ခရိုင်အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တိုက်ဖျက်ရေးကွပ်ကဲမှုအဖွဲ့
(၁)    ခရိုင်ရဲတပ်ဖွဲ့မှူး                                                                     အဖွဲ့ခေါင်းဆောင်
(၂)    ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊                                                                 အဖွဲ့ဝင်
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
(၃)    တပ်မတော်နယ်မြေခံတပ်မှအရာရှိတစ်ဦး                                                 အဖွဲ့ဝင်
(၄)    ခရိုင်မီးသတ်ဦးစီးဌာနမှူး                                                                       အဖွဲ့ဝင်
(၅)    ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး                                                     အဖွဲ့ဝင်
(၆)    ခရိုင်ကုသရေးဦးစီးဌာနမှူး                                                                      အဖွဲ့ဝင်
(၇)    ခရိုင်ဦးစီးမှူး၊                                                                                        အဖွဲ့ဝင်
    (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ)
(င)    မြို့နယ်အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တိုက်ဖျက်ရေးကွပ်ကဲမှုအဖွဲ့
(၁)    မြို့နယ်ရဲတပ်ဖွဲ့မှူး                                                                  အဖွဲ့ခေါင်းဆောင်
(၂)    ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ 
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန                                                         အဖွဲ့ဝင်
(၃)    တပ်မတော်နယ်မြေခံတပ်မှအရာရှိတစ်ဦး                                            အဖွဲ့ဝင်
(၄)    မြို့နယ်မီးသတ်ဦးစီးဌာနမှူး                                                               အဖွဲ့ဝင်
(၅)    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး                                                  အဖွဲ့ဝင်
(၆)    မြို့နယ်ဦးစီးမှူး၊                                                                               အဖွဲ့ဝင်
    (လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ)
၆၅။   အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်မှု များနှင့်စပ်လျဉ်း၍ တားဆီးနှိမ်နင်းရေး၊ ကယ်ဆယ်ရေး၊ စုံစမ်းစစ်ဆေးရေးနှင့် အရေးယူဆောင်ရွက်ရေး တို့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊   ပြည်ထောင်စုနယ်မြေ၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့် မြို့နယ်အဆင့်အထိ သက်ဆိုင်ရာအစိုးရဌာန၊  အစိုးရ အဖွဲ့အစည်းများမှ    ကိုယ်စားလှယ်များပါဝင်သော   အောက်ဖော်ပြပါအဖွဲ့များကို    သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီနှင့် ညှိနှိုင်း၍ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များ သတ်မှတ်ပေးရမည် -
(က)    ဗုံးရှင်းလင်း​ရေးအဖွဲ့၊
(ခ)    ထိခိုက်၊ သေဆုံးသူများကယ်ဆယ်ရေး၊ ကနဦးဆေးကုသရေးနှင့် ဆေးရုံပို့ဆောင်ရေးအဖွဲ့၊
(ဂ)    ဗုံးခွဲတိုက်ခိုက်မှု စုံစမ်းစစ်ဆေး အရေးယူရေးအဖွဲ့၊
(ဃ)    အခြားလိုအပ်သောအဖွဲ့များ။
၆၆။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် -
(က)    သက်ဆိုင်ရာ    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု      တိုက်ဖျက်ရေး   ကွပ်ကဲမှုအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေး၊ လေ့ကျင့်သင်တန်း များပေးရေးနှင့်     လိုအပ်သောနည်းပညာနှင့်   အထောက်အကူပြု    ပစ္စည်းကိရိယာများ ဖြည့်တင်းရေးတို့အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ခ)    တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊   ခရိုင်နှင့်မြို့နယ်  အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တိုက်ဖျက်ရေးကွပ်ကဲမှုအဖွဲ့အသီးသီးအား   ဗုံးတွေ့ရှိခြင်း၊   ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း တို့နှင့်စပ်လျဉ်း၍ အနီးကပ်ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းတာဝန်များကို  ထမ်းဆောင်ရန် တာဝန်ပေးအပ်ရမည်။
(ဂ)    ပြည်သူများလုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရေးနှင့် အကြမ်းဖက်ဗုံးခွဲမှု အသိပညာရှိရေး တို့အတွက်  အသိပညာပေးခြင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု၊ ရုံး၊ ဌာနအလိုက် အကြမ်းဖက် ဗုံးခွဲမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ   ပါဝင်ဆောင်ရွက်ခြင်းတို့   ပြုလုပ်စေရန် စီမံ ဆောင်ရွက်ရမည်။
(ဃ)    မပေါက်ကွဲသေးသောဗုံးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ သက်မဲ့ပြုလုပ်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ဒဏ်ရာရလူနာများအား ကယ်ထုတ်ခြင်း၊ ဆေးရုံတွင်ဆေးကုသခြင်း၊ ပြစ်မှု ကျူးလွန်သောအကြမ်းဖက်သမားနှင့် အကြမ်းဖက်အုပ်စုများအား  စုံစမ်းဖော်ထုတ်ခြင်း တို့ကို သက်ဆိုင်ရာ  အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု   တိုက်ဖျက်ရေးကွပ်ကဲမှုအဖွဲ့များအား ဆောင်ရွက်စေရမည်။
(င)    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တားဆီးကာကွယ်ရေး၊ တားဆီးနှိမ်နင်း​ရေးအတွက် ကြိုတင် သတင်းရရှိရန် ဆက်စပ်ဌာနများ၊ ပြည်ပနိုင်ငံများနှင့် သတင်းဖလှယ်ညှိနှိုင်းရယူ စုဆောင်း ရမည်။
(စ)    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကြိုတင်ကာကွယ်ရေး၊  တားဆီးနှိမ်နင်းရေးနှင့် အရေးယူ ဆောင်ရွက်ရေးတို့အတွက် အစီအမံများချမှတ်ပြီး ဆောင်ရွက်ရမည်။
(ဆ)    အများပြည်သူအသုံးပြုသည့်နေရာတွင်ဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်စက်ပစ္စည်း ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ် သို့မဟုတ် အခြေခံအဆောက်အအုံ ပစ္စည်းတစ်ခုခုတွင်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းကို ပေးအပ်မှု၊ ချထားမှု၊ စွန့်ပစ်မှု  သို့မဟုတ်  ဖောက်ခွဲမှုမပြုလုပ်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုံခြုံ​ရေးအစီအမံများ ဆောင်ရွက်စေရမည်။
(ဇ)    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု      တားဆီးကာကွယ်ရေးနှင့်    တားဆီးနှိမ်နင်း​ရေးလုပ်ငန်း ဆောင်ရွက်မည့် တပ်ဖွဲ့ဝင်နှင့်  ဝန်ထမ်းများ  အရည်အချင်းမြင့်မားရေး၊ ခေတ်မီပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေးအစီအမံများချမှတ်၍ ဆောင်ရွက်ရမည်။
(ဈ)    အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကို ကျူးလွန်မှု၊ ကျူးလွန်ရန်အားထုတ်မှု၊ အားပေးကူညီမှု၊ လှုံ့ဆော်မှု  သို့မဟုတ် ထိုပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ဆောင်ရွက်မှု၊ ပေါက်ကွဲ စေတတ်သောဝတ္ထုပစ္စည်း၊  ဗုံး သို့မဟုတ် လက်နက်ကို  ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှု၊ ပေးကမ်းမှု သို့မဟုတ် လက်ဝယ်ထားမှုစသည်တို့ကို အရေးယူရာတွင် ကြီးကြပ်ဆောင်ရွက် ရမည်။
(ည)    ဒေသဆိုင်ရာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု တိုက်ဖျက်ရေးကွပ်ကဲမှုအဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် များနှင့် ဝန်ထမ်းများအရည်အချင်းမြင့်မားရေး၊ ခေတ်မီပစ္စည်းများ တပ်ဆင်အသုံးပြုနိုင် ရေးနှင့် စပ်လျဉ်း၍ စီစဉ်ဆောင်ရွက်ပြီး ကုန်ကျစရိတ်များအတွက် ဘဏ္ဍာငွေတောင်းခံနိုင် ရန် ဗဟိုအဖွဲ့သို့ တင်ပြရမည်။
(ဋ)    မိမိလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကို ဗဟိုအဖွဲ့သို့ အခါအားလျော်စွာ တင်ပြ ရမည်။
၆၇။       တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည်   အကြမ်းဖက်မှုများအား  တားဆီးနှိမ်နင်းရေးလုပ်ငန်း ကော်မတီကချမှတ်ထားသော  အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာပြစ်မှုများ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေး၊  တားဆီးနှိမ်နင်းရေး၊  အရေးယူဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်း တာဝန်များကို သတ်မှတ်ထားသောအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်-
(က)    ပေါက်ကွဲစေတတ်သည့် ဝတ္ထုပစ္စည်းများဟု မသင်္ကာဖွယ်တွေ့ရှိပါက သတင်းပို့ ဆောင်ရွက် ခြင်း၊
(ခ)    လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ သို့မဟုတ် နယ်မြေရဲစခန်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊  
(ဂ)    အခင်းဖြစ်နေရာအား  စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းထိန်းသိမ်းခြင်း၊ စုံစမ်းဖော်ထုတ် ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊
(ဃ)    ပြောင်းရွှေ့ကယ်ဆယ်ခြင်းနှင့် ရွှေ့ပြောင်းရေးဆောင်ရွက်ခြင်း။
အခန်း (၁၂)
အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးနှင့် တိုက်ဖျက်ရေး
၆၈။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် ဗဟိုအဖွဲ့၏လမ်းညွှန်ချက် နှင့်အညီ အကြမ်းဖက်မှုများအား   တားဆီးနှိမ်နင်းရေး၊  တိုက်ဖျက်ရေးတို့နှင့်  စပ်လျဉ်း၍  အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် -
(က)    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးနှင့် တိုက်ဖျက်ရေးတို့ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ   လုပ်ငန်းကော်မတီနှင့် 
    ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်သူလူထု၏ အကူအညီကိုရယူဆောင်ရွက်ခြင်း၊
(ခ)    အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံများအကြား သဘောတူညီချက် များ ချုပ်ဆိုရေးအတွက် ဗဟိုအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊
(ဂ)    အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများအား တားဆီးကာကွယ်ရေး   အစီအစဉ်များ ချမှတ်ပြီး ပြည်တွင်းပြည်ပ၌ ကွန်ပျူတာကွန်ရက် ထူထောင်၍ ဆက်သွယ်ဆောင်ရွက်ခြင်း နှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ 
(ဃ)    အကြမ်းဖက်မှု   ကြိုတင်တားဆီးကာကွယ်ရေးအတွက်    အကြမ်းဖက်မှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်းနှင့် သတင်းဖြန့်ချိရေး ဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ခြင်း၊
(င)    အကြမ်းဖက်မှုများ ကြိုတင်တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်ရေး၊ တားဆီးနှိမ်နင်း ရေး၊ တိုက်ဖျက်ရေးနှင့် တန်ပြန်တိုက်ခိုက်ရေးအတွက် အကြမ်းဖက်မှုစုံစမ်းစစ်ဆေးရေး အဖွဲ့၊  ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊  တားဆီးနှိမ်နင်းရေး  အထူးတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့နှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များကို အရည်အချင်းပြည့်မီပြီး ကျွမ်းကျင် မှု ရှိစေရန် လေ့ကျင့်သင်တန်းများပေးခြင်း၊
(စ)    အကြမ်းဖက်မှုများ ကြိုတင်တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်ရေး၊ တားဆီးနှိမ်နင်း ရေး၊ တိုက်ဖျက်ရေးနှင့်  တန်ပြန်တိုက်ခိုက်ရေးအတွက် နည်းဥပဒေခွဲ(င)ပါ အဖွဲ့များအား လမ်းညွှန်မှုပေးခြင်းနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်ခြင်း၊
(ဆ)    အကြမ်းဖက်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်ရာတွင် လိုအပ်ချက်အရ အကြမ်းဖက် ခံရသည့်နေရာများကို  ထိန်းချုပ်ဖော်ထုတ်ခြင်းနည်းစနစ်ကို အသုံးပြုနိုင်ရန် တင်ပြလာ သည့်အခါ စိစစ်ခွင့်ပြုခြင်းနှင့် လိုအပ်ပါက ပြည်ပနိုင်ငံများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် ခြင်း၊
(ဇ)    အကြမ်းဖက်မှုများဖြစ်ပွားရာတွင် အကြမ်းဖက်ခံရသူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေးတို့အတွက် ကျွမ်းကျင်သောဝန်ထမ်းများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ပါဝင်သည့်  ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးခြင်းနှင့် လေ့ကျင့်သင်ကြား ပေးခြင်း၊
(ဈ)    အကြမ်းဖက်မှုများ ကြိုတင်တားဆီးကာကွယ်ရေး၊ စုံစမ်းဖော်ထုတ်ရေး၊ တားဆီးနှိမ်နင်း ရေး၊ တိုက်ဖျက်ရေးနှင့်တန်ပြန်တိုက်ခိုက်ရေးတို့ ဆောင်ရွက်ရာတွင် လိုအပ်သော အထောက် အကူပြုပစ္စည်းများနှင့် ငွေကြေးများကို ဗဟိုအဖွဲ့သို့  တင်ပြတောင်းခံပြီး ပံ့ပိုးပေးခြင်း၊
(ည)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများကို အရေးယူရာတွင် ခိုင်လုံသောအထောက်အထားများဖြင့် တရားစွဲဆို တင်ပို့ နိုင်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေရေးရာနှင့် တရားစွဲဆိုရေးလုပ်ငန်း အဖွဲ့၏ အကြံဉာဏ်များ ရယူဆောင်ရွက်ခြင်း၊
(ဋ)    အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုမှုများတွင် အကြမ်းဖက်ခံရသူများနှင့် သက်သေများ ၏ လုံခြုံရေးကို ထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သော လုံခြုံရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
(ဌ)    နိုင်ငံဖြတ်ကျော်မှုခင်းအဖြစ် ကျူးလွန်သည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံအချင်းချင်း အကူအညီပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် လိုအပ်ပါက ဗဟိုအဖွဲ့သို့တင်ပြ၍ ဆောင်ရွက်ခြင်း၊
(ဍ)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ်   ဆက်နွှယ်ပါဝင်သည့်  အဖွဲ့အစည်းနှင့် တာဝန်ခံများကို တရားစွဲဆိုအရေးယူရာတွင်  သက်ဆိုင်ရာတပ်ဖွဲ့ဝင်များအား လိုအပ်သော အကူအညီများပေးခြင်း၊
(ဎ)    စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ချက် များနှင့်  အကြံပြုချက်များကို ဗဟိုအဖွဲ့သို့ တင်ပြအစီရင်ခံခြင်း၊
(ဏ)    အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့်စပ်လျဉ်း၍  လိုအပ်သလို အရေးယူဆောင်ရွက်ရန် အတွက် ဗဟိုအဖွဲ့သို့ တင်ပြခြင်း၊
(တ)    ဗဟိုအဖွဲ့က အခါအားလျော်စွာပေးအပ်သော အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
အခန်း(၁၃)
စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူခြင်း
၆၉။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် ဗဟိုအဖွဲ့၏ လွှဲအပ်တာဝန် ပေးအပ်ချက်အရ အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့်  သက်သေခံငွေကြေး၊ ပစ္စည်းနှင့် စပ်လျဉ်း၍ အောက်ပါ အမိန့်တစ်ရပ်ရပ်ကို ထုတ်ဆင့်နိုင်သည်-
(က)    အကြမ်းဖက်မှုဆိုင်ရာပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ထားသည့်ပစ္စည်းများကို ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖျောက်ဖျက်ခြင်း၊ ဖုံးကွယ်ခြင်း တို့ မပြုနိုင်စေရေးအတွက် အဆိုပါ သက်သေခံပစ္စည်းကို ပိုင်ဆိုင်သူ၊ လက်ဝယ်ထားသူနှင့် အကြမ်းဖက်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံရသူအား ထုတ်ဆင့်သည့် တားမြစ်ချက်၊ ထိန်းချုပ်မိန့် နှင့် ထိုအမိန့်တို့ကို ရုပ်သိမ်းသည့်အမိန့်၊
(ခ)    သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းရန် အမိန့်ထုတ်ဆင့်ထားသော ငွေကြေး၊  ပစ္စည်းနှင့် အကျိုးအမြတ်များမှာ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခု၌ အပ်နှံထားခြင်း ဖြစ်ပါက ထိုသက်သေခံပစ္စည်းများကို ရှာဖွေသိမ်းဆည်းခွင့်၊ သက်ဆိုင်ရာမှတ်တမ်းများ ကို စစ်ဆေးကြည့်ရှုခွင့်၊ မိတ္တူကူးယူခွင့်နှင့် လိုအပ်ပါက သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ခွင့်ပြုရန် သက်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း၏ တာဝန်ရှိသူများထံသို့ ထုတ်ဆင့်သည့်အမိန့်၊
(ဂ)    အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းရန် အမိန့်ထုတ်ဆင့် ထားသောငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ်များမှာ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုခု၌ အပ်နှံထားခြင်းဖြစ်ပါက ထိုငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များကို ထုတ်ယူ ခြင်းမပြုရန် အဆိုပါသက်သေခံပစ္စည်းကို အပ်နှံသူထံသို့လည်းကောင်း၊ ထုတ်ပေးခြင်း မပြုရန် သက်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့သို့လည်းကောင်း ထုတ်ဆင့်သည့် တားမြစ်ချက်။
၇၀။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် နည်းဥပဒေ ၆၉ အရ ထုတ်ဆင့်သည့်အမိန့်မိတ္တူကို စုံစမ်းစစ်ဆေးခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတို့ ပြုရာတွင် လိုအပ်သလို အသုံးပြုနိုင်ရန် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တားဆီး နှိမ်နင်းရေးတပ်ဖွဲ့သို့ ပေးပို့ရမည်။
၇၁။    နည်းဥပဒေ ၆၉ အရ အမိန့်ထုတ်ဆင့်ခံရသူ မည်သူမျှ ထိုအမိန့်ပါ တားမြစ်ချက် သို့မဟုတ် ထိန်းချုပ်မိန့်ကို ဖောက်ဖျက်ခြင်းမပြုရ။
၇၂။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် အကြမ်းဖက်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းထောက်လှမ်းခြင်းနှင့် အကြမ်းဖက်သမားများအား အရေးယူခြင်းတို့ ဆောင်ရွက် နိုင်ရန် အမှုတစ်ခုချင်းအလိုက် သက်ဆိုင်ရာ    လုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦး   သို့မဟုတ် လုပ်ငန်း အဖွဲ့ဝင်တစ်ဦးက  အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊  သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းမှ သင့်လျော်သည့် အရာထမ်းနှင့် အမှုထမ်းအနည်းဆုံး ၃ ဦးက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော အောက်ပါအဖွဲ့များကို ဖွဲ့စည်း၍ တာဝန်ပေးရမည်-
(က)    စုံစမ်းစစ်ဆေးရေးအဖွဲ့၊
(ခ)    တားဆီးနှိမ်နင်းရေးတပ်ဖွဲ့။
၇၃။    စုံစမ်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သည် သက်ဆိုင်ရာလုပ်ငန်း ကော်မတီ နှင့်လုပ်ငန်းအဖွဲ့တို့၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ သို့မဟုတ် အကျိုးအမြတ် မရည်ရွယ်သော အဖွဲ့အစည်းများ၏ ရန်ပုံငွေများနှင့် ပစ္စည်းများကို အကြမ်းဖက် သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများသို့ မရောက်ရှိစေ ရေးနှင့် ၎င်းတို့အတွက် ငွေကြေးထောက်ပံ့သည့်လမ်းကြောင်းများ ဖော်ထုတ်ရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းထောက်လှမ်းခြင်းနှင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု သို့မဟုတ် ဆက်နွှယ် ပါဝင်သည့်အဖွဲ့အစည်းနှင့် တာဝန်ခံများအား ဖော်ထုတ်ပြီး ဥပဒေအရ ထိရောက်သော အရေးယူခြင်းတို့ ဆောင်ရွက်ရမည်။
၇၄။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ တို့သည် ဗဟိုအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ အကြမ်းဖက်မှုအပေါ် စုံစမ်းစစ်ဆေးမှုနှင့် အရေးယူမှု ပြုလုပ် သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် အခြားတားဆီး နှိမ်နင်းရေး တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲရမည်။ ၎င်းတို့၏ စုံစမ်းစစ်ဆေး ဆောင်ရွက်ချက် များကို စဉ်ဆက်မပြတ်တင်ပြရန် ညွှန်ကြားရမည်။
၇၅။    အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် -
(က)    အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ သို့မဟုတ် အကျိုးအမြတ် မရည်ရွယ် သော အဖွဲ့အစည်းများ၏ ရန်ပုံငွေများနှင့် ပစ္စည်းများကို အကြမ်းဖက်သမား၊ အကြမ်းဖက် အုပ်စု သို့မဟုတ် ဆက်နွှယ်ပါဝင်သည့် အဖွဲ့အစည်းနှင့် တာဝန်ခံများသို့ မရောက်ရှိစေရေး အတွက် စိစစ်ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာဌာနများ သို့မဟုတ် ဤကိစ္စအလို့ငှာ သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် စိစစ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပုံမှန် သို့မဟုတ် ရှောင်တခင် စိစစ်ကြပ်မတ်စစ်ဆေးနိုင်ရန် ညွှန်ကြားရမည်။
(ခ)    အစိုးရမဟုတ်သော   အဖွဲ့အစည်းများ သို့မဟုတ် အကျိုးအမြတ်ရယူရန် မရည်ရွယ်သော အဖွဲ့အစည်းများအဖြစ် အသွင်ယူကာ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စု ဖွဲ့စည်းဆောင်ရွက်ခြင်း၊ အကြမ်းဖက်အုပ်စုကို ငွေကြေးထောက်ပံ့ရန် လမ်းကြောင်းအဖြစ် အသုံးပြုရန်ရည်ရွယ်ဆောင်ရွက်ခြင်း စသည်တို့အပေါ် တားဆီးအရေးယူနိုင်ရန် စုံစမ်း ထောက်လှမ်းခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူမှုအစီအမံများ ချမှတ်ခြင်း ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များ သို့မဟုတ် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များအား လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဂ)    အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင် ငွေကြေး၊ ပစ္စည်းနှင့်ရန်ပုံငွေများ ထိန်းချုပ်နိုင်ရေးအတွက် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ဘဏ်များသို့ လိုအပ် သည်များ ညွှန်ကြားခြင်းနှင့် ကြီးကြပ်ခြင်းတို့ ဆောင်ရွက်ရမည်။
(ဃ)    အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့်  ပစ္စည်းများကို တရားဝင် အသွင်ပြောင်းခြင်း   မပြုလုပ်နိုင်ရန် အစိုးရဌာနများ၊  ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပူးပေါင်း၍ စောင့်ကြည့်ခြင်းနှင့် သတင်းဖလှယ် ခြင်းတို့ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ရမည်။                

  (ဆက်လက်ဖော်ပြပါမည်)