
ရန်ကုန် မတ် ၁၀
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi ယာဉ်များ စနစ်တကျ လုံခြုံမှုရှိစွာ ပြေးဆွဲနိုင်ရန်နှင့် သင့်တင့်မျှတသည့် ဈေးနှုန်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နည်းပညာမြင့် စမတ်မီတာ (Smart Meter)များကို မကြာမီ တပ်ဆင်ပြေးဆွဲ တော့မည်ဖြစ်ရာ ရှေ့ပြေးစီမံချက်အနေ ဖြင့် ယာဉ်အစီးရေ ၅၀၀ ခန့်အား ကနဦး တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ( YRTC)မှ သိရသည်။
“City Taxi ယာဉ်တွေကို ခေတ်မီ နည်းပညာမြင့် စမတ်မီတာတွေ တပ်ဆင်တော့မှာမို့ ခရီးသည်တွေ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ စီးနင်းနိုင်ဖို့ ဆာဗေးလုပ်ပြီး တွက်ချက်ဆောင်ရွက် ထားတာလည်းဖြစ်သလို YRTC မှာ အတည်ပြုပြီးသွားရင်တော့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြ သွားမှာလည်း ဖြစ်ပါတယ်။ မကြာမီ တပ်ဆင်မယ့် မီတာတွေဟာ အဆင့်မီ တဲ့ စမတ်မီတာတွေဖြစ်တာမို့ ပြည်ပ ကနေ မီတာမှာယူတာနဲ့ တပ်ဆင်တာ အားလုံး ပေါင်းလိုက်မယ်ဆိုရင် အနည်း ဆုံး သုံးလ (သို့မဟုတ်) လေးလလောက် အချိန်ကြာမြင့်ပြီးတဲ့ နောက်ပိုင်းမှာ ဆိုရင် စတင်တပ်ဆင်နိုင်မှာ ဖြစ်ပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေး မှူး ဦးလျန်ကျင့်မန်က ပြောသည်။
မီတာများ တပ်ဆင်ပြီးပြီဆိုပါက City Taxi ယာဉ်စီးခဈေးနှုန်း သတ်မှတ် ရာတွင် CNG ဈေးနှုန်းအပေါ် မူတည် တွက်ချက်ခြင်းမဟုတ်ဘဲ စက်သုံးဆီ ဈေးနှုန်းအပေါ် မူတည်တွက်ချက်၍ ယာဉ်စီးခဈေးနှုန်းအား သတ်မှတ်သွား မည်ဖြစ်ကြောင်း၊ City Taxi ယာဉ်များ တွင် ယာဉ်အစီးရေ ၅၀၀ ခန့်ကို ကနဦး တပ်ဆင်ဆောင်ရွက်ပေးမည် ဖြစ်ရာ CNG ယာဉ်များနှင့် လေဆိပ် တွင် ပြေးဆွဲနေသည့် City Taxi ယာဉ်များကို ဦးစားပေးတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။
City Taxi ယာဉ်များတွင် တပ်ဆင် မည့် မီတာများကို YRTC မှ စိုက်ထုတ် ၍ ဝယ်ယူတပ်ဆင်ပေးမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်နှင့် စာချုပ်ချုပ်ဆိုကာ လစဉ် ပြန်လည်ပေးသွင်းရမည်ဖြစ် ကြောင်း၊ ခရီးသည်များအနေဖြင့် မီတာ တပ်ဆင်ထားသည့် City Taxi ယာဉ် ဖြစ်ကြောင်းကို အဝေးမှမြင်သာစေရန် အမှတ်အသားဖြင့် ပြသဆောင်ရွက် ထားမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း