ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ၂၀၂၃ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော် မတ် ၁၀


ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာညွန့်ဖေသည်  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊     နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)    အခြေခံပညာအထက်တန်းကျောင်း    စာစစ်ဌာနသို့     သွားရောက်၍ ကျောင်းသားကျောင်းသူများ  ၂၀၂၃ ခုနှစ်    တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။


ထိုသို့အားပေးကြည့်ရှုရာတွင်    နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊   မြို့နယ်ပညာရေးမှူးများနှင့်   သက်ဆိုင်ရာစာစစ်ဌာန ကြီးကြပ်ရေးမှူးများက  စာစစ်ဌာနများအလိုက်  ဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်ဝင်စာစစ်ဌာနများဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်  အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာ  တာဝန်ရှိသူ များအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်း  လုပ်ထုံးလုပ်နည်းများနှင့် အညီ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ပြီးဆုံးသည်အထိ ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊   စာမေးပွဲ ကျင်းပစဉ်ကာလအတွင်း လိုအပ်သည်များနှင့်  ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားသည်။ 


 ထိုမှတစ်ဆင့်   ပြည်ထောင်စုဝန်ကြီးသည်   ဇမ္ဗူသီရိမြို့နယ်ရှိ       အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံ ပညာ အထက်တန်းကျောင်းများသို့  သွားရောက်ကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  ကျောင်းဝင်းအတွင်းနှင့်  ကျောင်းပြင်ပများတွင် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊   ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေး၍   လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့ကျင်းပသည့် စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ   စာစစ်ဌာန  စုစုပေါင်း   ၃၉  ခု၌   စာမေးပွဲဖြေဆိုရန်    စုစုပေါင်း ၇၁၁၈ ဦး စာရင်းပေးသွင်းကြပြီး သင်္ချာဘာသာရပ်ကို ၆၄၂၀ ဝင်ရောက် ဖြေဆိုကြရာ  ရာခိုင်နှုန်းအားဖြင့်  ၉၀  ဒသမ  ၁၉ ရာခိုင်နှုန်းရှိသည်။ 


တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား          မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန  ၈၅၈  ခုနှင့်  နိုင်ငံခြား စာစစ်ဌာန ငါးခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ခုတို့၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၉၈၄၃ ဦး စာရင်းပေးသွင်းကြပြီး ၁၆၁၆၃၃ ဦး   ဝင်ရောက် ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၉ ဒသမ ၈၇  ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။                                                              

သတင်းစဉ်