
(ယမန်နေ့မှအဆက်)
၂၉။ သက်ဆိုင်ရာလေကြောင်းလိုင်းပိုင်ရှင်များ၊ လေဆိပ်နှင့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာ အော်ပရေတာများ၊ လေဆိပ်အာဏာပိုင်များနှင့် လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချမှတ်ထားသော မြို့ပြလေကြောင်းနှင့် လေဆိပ်များလုံခြုံရေးဆိုင်ရာ အစီအစဉ်များနှင့်အညီ အောက်ပါလုပ်ငန်းတာဝန် များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည် -
(က) လေဆိပ်နှင့် လေဆိပ်ပတ်ဝန်းကျင်တွင် ကန့်သတ်နယ်မြေများ သတ်မှတ်၍ အထူး လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
(ခ) လေဆိပ်ကန့်သတ်နယ်မြေအတွင်း ဝင်ခွင့်ထွက်ခွင့် ကတ်ပြားစနစ်နှင့် လေဆိပ်သို့ ဝင်ထွက် သည့် ဧည့်ကတ်ပြားစနစ်ထားရှိခြင်း၊
(ဂ) လေကြောင်းထိန်းသိမ်းရေးလုပ်ငန်းကို ၂၄ နာရီပတ်လုံး စနစ်တကျအလှည့်ကျဂရုစိုက်၍ ဆောင်ရွက်စေခြင်း၊
(ဃ) လေဆိပ်နှင့် လေကြောင်းဝန်ဆောင်မှုပေးသူများအား လုံခြုံရေးကတ်ပြားစနစ်ဖြင့် ဆောင်ရွက်စေခြင်း၊
(င) လေဆိပ်ပရိဝုဏ်အတွင်း လုံခြုံရေးကင်မရာများတပ်ဆင်၍ ကြီးကြပ်ထိန်းချုပ်ခြင်း၊
(စ) လေကြောင်းဖြင့် သယ်ယူပို့ဆောင်မည့် အောက်ဖော်ပြပါ လူနှင့်ကုန်စည်များကို စစ်ဆေး ရှာဖွေရေးကိရိယာများဖြင့် စစ်ဆေးရှာဖွေခြင်း -
(၁) လေယာဉ်ပေါ်တက်ခွင့်လက်မှတ်နှင့်အတူ ခရီးသည်များ၊
(၂) စိစစ်ရေးကတ်ပြားနှင့်အတူ လေယာဉ်ဝန်ထမ်းများ၊
(၃) ခရီးသည်နှင့်အတူပါသော ဝန်စည်စလယ်နှင့် လက်ဆွဲအိတ်များ၊
(၄) ခရီးသည်နှင့်အတူမပါသော ပစ္စည်းများ၊ ချောထုပ်များ။
(ဆ) လေယာဉ်တင် အစားအသောက်များကို အသိအမှတ်ပြုအော်ပရေတာ၏ လုံခြုံရေးအစီအစဉ် ဖြင့် ဆောင်ရွက်စေခြင်း၊
(ဇ) လေယာဉ်တင် ကုန်စည်၊ ဝန်ဆောင်မှုပစ္စည်း၊ အထူးပါဆယ်နှင့် ချောစာများကို အသိ အမှတ်ပြုကုန်စည်ပို့ဆောင်သူက တာဝန်ယူ၍ တင်ပို့စေခြင်း၊
(ဈ) လေဆိပ်နှင့် လေကြောင်းလုံခြုံရေး အရာရှိများ၊ စစ်ဆေးရှာဖွေရေး အရာရှိများကို ကျွမ်းကျင် မှု လေ့ကျင့်သင်တန်းများပေးပြီးမှ လုပ်ငန်းဆောင်ရွက်စေခြင်း၊ ထိုအရာရှိများက လုံခြုံရေး ဆောင်ရွက်ရာတွင် လိုအပ်ပါက ရဲတပ်ဖွဲ့ဝင်များ၏ အကူအညီတောင်းခံ၍ ဆောင်ရွက်ခြင်း၊
(ည) စစ်ဆေးရှာဖွေခြင်းကို ငြင်းဆန်သူအား လေဆိပ်အတွင်း ဝင်ရောက်ခြင်းကိုတားမြစ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲဝင်ရောက်သူအား ဝင်ခွင့်ပြုရန် ငြင်းပယ်ခြင်းနှင့် ငြင်းပယ်ခံရသူက အတင်းအကျပ်ဝင်ရောက်ရန် ကြိုးစားပါက လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ခြင်း၊
(ဋ) တားမြစ်ကန့်သတ်ထားသော ပစ္စည်းများစစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲ ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး ထိုပစ္စည်းများကို အပ်နှံခြင်း၊
(ဌ) တရားဝင်ကိုင်ဆောင်ခွင့်ရှိသည့် လက်နက်၊ ခဲယမ်းများကို ခရီးသည်နှင့်အတူ သယ်ဆောင် ခွင့်မပြုဘဲ လေယာဉ်ဝန်ထမ်းက တာဝန်ယူထိန်းသိမ်းထားခြင်း၊
(ဍ) တားမြစ်ထားသော လက်နက်၊ ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် မီးလောင်လွယ်သော ပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ထံ ချက်ချင်း အကြောင်းကြားပြီး အပ်နှံခြင်း၊
(ဎ) နိုင်ငံတော်အတွင်း ဝင်ရောက်ခွင့်မပြုသည့် ပုဂ္ဂိုလ်များအား ဝင်ခွင့်မပြုဘဲ ပြန်လည်ထွက်ခွာ စေခြင်း၊
(ဏ) နည်းဥပဒေခွဲ (ဍ) နှင့် (ဎ) တို့ပါ ကိစ္စများကို တာဝန်အရဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လေကြောင်းလိုင်းအော်ပရေတာ၊ လေဆိပ်အော်ပရေတာနှင့် လေဆိပ်အာဏာပိုင်တို့ မပါရှိ လျှင် ထိုကိစ္စကို ယင်းတို့ထံသို့ ချက်ချင်းအကြောင်းကြားခြင်း၊
(တ) လေယာဉ်ပေါ်တွင် အနှောင့်အယှက်ပြုမှု၊ စည်းကမ်းမဲ့မှုများအား တားဆီးအရေးယူခြင်း၊
(ထ) လေယာဉ်ပေါ်တွင် ပျံသန်းရေးပစ္စည်းကိရိယာတစ်ခုခုအား ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း တို့ကို တည်ဆဲဥပဒေများအရ အရေးယူခြင်း၊
(ဒ) မီးလောင်လွယ်သောပစ္စည်းနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်း၊ အရည်၊ ဓာတ်ငွေ့ရည်နှင့် ဂျဲလ်များ၊ အခါအားလျော်စွာ လေဆိပ်အာဏာပိုင်အဖွဲ့က တားမြစ်ကန့်သတ်ထားသော ပစ္စည်းများအား လေယာဉ်ပေါ်တွင် သယ်ဆောင်ခြင်းမပြုရန် တားမြစ်ခြင်း၊
(ဓ) လေဆိပ်နှင့် မြို့ပြလေကြောင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးတို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အကူအညီတောင်းခံခြင်းနှင့် လိုအပ်ပါက တပ်မတော်၏အကူအညီ ရယူဆောင်ရွက်ခြင်း၊
(န) လေဆိပ်နှင့် မြို့ပြလေကြောင်းပို့ဆောင်ရေးနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းကို ဥပဒေမဲ့ အနှောင့်အယှက်ပြုလုပ်မှုများအား ကာကွယ်ရေးအတွက် လုံခြုံမှုဆိုင်ရာ နောက်ဆက်တွဲ အမှတ် ၁၇ နှင့်အညီ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများပါ အခြား ပြဋ္ဌာန်းချက်များကိုလည်းကောင်း လိုက်နာဆောင်ရွက်ခြင်း။
၃၀။ အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီသည် လေဆိပ်လုံခြုံရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လေဆိပ်အာဏာပိုင်များ၊ လေကြောင်းနှင့် လေဆိပ်လုပ်ငန်းဝန်ဆောင်မှုပေးသူများနှင့် ညှိနှိုင်းပြီး အောက်ပါတို့ကို ဆောင်ရွက်ရမည် -
(က) လေယာဉ်ဝန်ဆောင်မှုပေးချိန်၌ သူတစ်ဦးဦးကို သေစေခြင်း၊ အပြင်းအထန်နာကျင်စေခြင်း ဖြစ်စေသည့် သို့မဟုတ် အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဆိုးရွားစွာထိခိုက်ပျက်စီးစေသည့် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ၊ ပေါက်ကွဲစေတတ် သော ဝတ္ထုပစ္စည်းများ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းကဲ့သို့ အလားတူ ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများ၊ ဆက်စပ်ပစ္စည်းများနှင့်စပ်လျဉ်း၍ လေဆိပ်နှင့် လေယာဉ်ပျံသန်းချိန်တွင် အသုံးပြုမှု၊ သယ်ဆောင်မှု၊ လေယာဉ်ပေါ်မှစွန့်ပစ်မှု သို့မဟုတ် ပစ်ချမှုမရှိစေရေးအတွက် ဇီဝ၊ ဓာတုနှင့်နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းများစသည့် အဆိုပါ ပစ္စည်းကိရိယာများ၊ အရာဝတ္ထုများနှင့် ဆက်စပ်ပစ္စည်းများကို စုံစမ်းထောက်လှမ်းသည့် စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်း၊ တပ်ဆင်အသုံးပြုခြင်း၊ စုံစမ်းဖော်ထုတ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား နည်းပညာနှင့် ကျွမ်းကျင်မှုလေ့ကျင့် သင်တန်းပို့ချပေးခြင်း၊
(ခ) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများစသည့် အဆိုပါ ပစ္စည်းကိရိယာများနှင့် အရာဝတ္ထုများအား ဘေးအန္တရာယ်မဖြစ်ပေါ်စေဘဲ စနစ်တကျ ထိန်းသိမ်းထားနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များ (Standard Operating Procedure-SOP) ကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား သင်တန်းပို့ချလေ့ကျင့်ခြင်း၊
(ဂ) လေယာဉ်ဝန်ဆောင်မှုပေးချိန်၌ လေဆိပ်နှင့် လေယာဉ်အား ထိခိုက်ပျက်စီးစေမှု ဖြစ်ပွား သည့်အခါ ကူညီကယ်ဆယ်ကုသရန် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယို သတ္တိကြွဒြပ်ပစ္စည်းများ စသည့် အဆိုပါပစ္စည်းကိရိယာများနှင့် အရာဝတ္ထုများအား ညစ်ညမ်းမှုသန့်စင်ရေး(Decontamination) အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များအား သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား နားလည်တတ်ကျွမ်းလိုက်နာစေရန် သင်ကြားပို့ချလေ့ကျင့်ခြင်း၊
(ဃ) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများစသည့် အဆိုပါ ပစ္စည်းကိရိယာများနှင့် အရာဝတ္ထုများအားထုတ်လုပ်ရန် အရင်းအမြစ်ပစ္စည်းများ၊ ပုံစံ ထုတ်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် ပေးအပ်ခြင်းပြုလုပ်ရာတွင် အသုံးပြုသည့် နည်းပညာ နှင့် ဆက်စပ်သည့်ဆော့ဝဲလ်များ သို့မဟုတ် အလားတူပစ္စည်းကိရိယာ သို့မဟုတ် အရာဝတ္ထု ကို လေယာဉ်ဖြင့် သယ်ယူပို့ဆောင်မှု၊ သယ်ယူပို့ဆောင်စေမှု သို့မဟုတ် သယ်ယူပို့ဆောင်မှု အတွက် ဖြည့်ဆည်းစီမံဆောင်ရွက်ပေးမှုများအား တားဆီးနိုင်ရေးအတွက် နိုင်ငံတကာသဘောတူညီချက်များအတိုင်း ဆောင်ရွက်စေခြင်း၊ လေဆိပ်များတွင် တာဝန်ထမ်းဆောင် သည့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များအား ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများဆိုင်ရာ အခြေခံသဘောတရားများအား လေ့ကျင့်သင်ကြား ပေးခြင်း၊ နည်းပညာကျွမ်းကျင်မှုနှင့် လိုအပ်သောကိရိယာများ၊ ကာကွယ်ရေးဝတ်စုံများအား ဖြည့်ဆည်းပေးခြင်း စသည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် တိုးမြှင့်ဆောင်ရွက်ခြင်း။
၃၁။ နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ဖြစ်စေ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဖြစ်စေ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသော သုတေသနပြုလုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာ လုပ်ငန်းများ တွင် အသုံးပြုခြင်း၊ နည်းပညာနှင့်ဆော့ဝဲလ်များ သုတေသနပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ယင်းတို့ကိုဆောင်ရွက်ရန် ဖြည့်ဆည်းစီမံဆောင်ရွက်ပေးခြင်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၇၊ ၈၊ ၉ နှင့် ၁၀ တို့ပါ မြို့ပြလေကြောင်းပျံသန်းရေးနှင့် လေဆိပ် တို့ကို ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
၃၂။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့ပြလေကြောင်းလုံခြုံရေးအတွက် အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်အရ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းတာဝန်များကိုပါ ဆောင်ရွက်ရမည်-
(က) မြို့ပြလေကြောင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများအပေါ် ပြစ်မှုကျူးလွန်ခြင်းများ အား တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းဖော်ထုတ်ခြင်း၊
(ခ) လေဆိပ်အဆောက်အအုံနေရာများအား ပုံမှန်စောင့်ကြည့်ခြင်းနှင့် ကင်းလှည့်စစ်ဆေးခြင်း၊
(ဂ) လေယာဉ်ဆိုက်ရောက်သည့် ခရီးသည်များနှင့် ထွက်ခွာသည့်ခရီးသည်များတွင် မြို့ပြ
လေကြောင်းနှင့် လေဆိပ်ကို ခြိမ်းခြောက်မှုအန္တရာယ်ပြုနိုင်မည့်သူများအား စောင့်ကြည့်ခြင်း၊
(ဃ) လေယာဉ်အပိုင်စီးခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်း၊ ဗုံး သို့မဟုတ် ပေါက်ကွဲစေသော
ပစ္စည်းဖြင့် အခြားခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ မြေပြင်တွင် ဖြစ်ပေါ်လာသည့် တိုက်ခိုက် ခြင်းများနှင့် လူစုလူဝေးဆူပူအုံကြွခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိန်းချုပ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခြင်း၊
(င) အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့၊ ဓားစာခံညှိနှိုင်းရေးအဖွဲ့နှင့် ဗုံးရှင်းလင်းရေးအဖွဲ့ စသည့် အထူးလုံခြုံရေးအဖွဲ့များဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်း၊
(စ) နိုင်ငံတော်၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် လုံခြုံရေးအရေးပေါ်ဖြစ်စဉ်များ၌ လျှပ်တစ်ပြက်ဝင်ရောက်စီးနင်းမှုပြု၍ အကြမ်းဖက်သမားများအား ချေမှုန်းခြင်း၊
(ဆ) လေဆိပ်နှင့်လေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လုံခြုံရေးတပ်ဖွဲ့က တားဆီး နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးခြင်းနှင့် တားဆီးနှိမ်နင်းရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊
(ဇ) လေယာဉ်ပျံသန်းစဉ်လုံခြုံရေး လိုက်ပါဆောင်ရွက်ခြင်း။
၃၃။ အမျိုးသားမြို့ပြလေကြောင်း လုံခြုံရေးလုပ်ငန်းကော်မတီက လိုအပ်၍ အကူအညီတောင်းခံ လာခဲ့လျှင် တပ်မတော်တပ်ဖွဲ့ဝင်များသည် အောက်ပါလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်-
(က) လေဆိပ်များတွင် လက်နက်အင်အားသုံး၍ ကင်းလှည့်ခြင်း၊ ချေမှုန်းခြင်း၊ အခြား လက်နက်ကိုင်တပ်ဖွဲ့အား အကူအညီပေးရေးလုပ်ငန်းများနှင့် တားဆီးချေမှုန်းခြင်းဆိုင်ရာ အထူးပြုသင်တန်းများ လေ့ကျင့်သင်ကြားခြင်း၊
(ခ) တပ်မတော်အနေဖြင့် မြို့ပြလေကြောင်းလေဆိပ်၏ လေကြောင်းသွားလာမှုဆိုင်ရာ များအား ပူးတွဲအသုံးပြုနေခဲ့လျှင် သို့မဟုတ် တပ်မတော်၏နယ်နိမိတ်တွင် အထက် ဖော်ပြပါလေကြောင်းသွားလာမှုဆိုင်ရာများနှင့်
ဆက်စပ်တည်ရှိနေလျှင် ဝင်ထွက်သွားလာမှုထိန်းချုပ်ခြင်းနှင့် အခြားလုံခြုံရေးလုပ်ငန်း စဉ်များအား တာဝန်ယူဆောင်ရွက်ခြင်း၊
( ဂ) မြို့ပြလေကြောင်းအပေါ် ကျရောက်လာနိုင်သည့် ခြိမ်းခြောက်မှုအန္တရာယ် တွက်ဆခြင်းနှင့် ရရှိလာသောသတင်းအား လိုအပ်သလိုဖြန့်ဝေခြင်း၊
(ဃ) ဗုံးရှာဖွေခြင်းနှင့် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( င) လေဆိပ်ပရိဝုဏ်နှင့် အခြားလေဆိပ်အဆောက်အအုံ နယ်မြေများအား ကင်းလှည့် စောင့်ကြပ်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊
( စ) လေယာဉ်အပိုင်စီးခြင်းနှင့် အဖျက်အမှောင့်လုပ်ရပ်များ၊ ဗုံး သို့မဟုတ် ပေါက်ကွဲစေသော ပစ္စည်းဖြင့် အခြားခြိမ်းခြောက်မှု အန္တရာယ်များကိုလည်းကောင်း၊ မြေပြင်တိုက်ခိုက်မှု များနှင့် လူစုလူဝေးဖြင့် ဆူပူအုံကြွမှုများနှင့်ပတ်သက်သည့် အရေးပေါ်လုံခြုံရေး အခြေအနေ များကိုလည်းကောင်း ထိန်းချုပ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) လေဆိပ်များတွင်ဖြစ်ပေါ်သည့် အရေးပေါ်လုံခြုံရေးအခြေအနေများတွင် ကြီးကြပ် ကွပ်ကဲခြင်းနှင့် အင်အားသုံးချေမှုန်းခြင်း စသည့်တာဝန်များ ထမ်းဆောင်ခြင်း။
အခန်း (၆)
အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်များအပေါ်
ကျူးလွန်မှုများကို တားဆီးနှိမ်နင်းခြင်း
၃၄။ နိုင်ငံတော်အတွင်း အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်များအား အကြမ်းဖက်မှု များနှင့်စပ်လျဉ်း၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ သည် ဗဟိုအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ-
(က) အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနှင့် အရေးယူ ဆောင်ရွက်ရေးတို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်။
( ခ) စာချုပ်ဝင်နိုင်ငံများနှင့် တိုက်ရိုက်ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်၍ အဆိုပါအကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ပြုရမည်။
( ဂ) နည်းဥပဒေခွဲ (က)နှင့် (ခ) တို့အရ ဆောင်ရွက်မှုများကို ဗဟိုအဖွဲ့သို့ အစီရင်ခံရမည်။
၃၅။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီသည် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန်အဖွဲ့ဝင်များနှင့် သံတမန်အဖွဲ့အမှုထမ်းစုတွင် ပါဝင်သူများ၊ သံတမန်အမှုထမ်းစုတွင် ပါဝင်သူများ၏ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များရရှိအောင် ဆောင်ရွက်ပေးရေးနှင့် ၎င်းတို့အား အကြမ်းဖက်မှုများမရှိစေရန် အကာအကွယ်ပေးရေးအတွက် တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား အသိပညာပေးရန်နှင့် လေ့ကျင့်သင်တန်းများပေးရန် စီစဉ်ဆောင်ရွက်ရမည်။
၃၆။ (က) နိုင်ငံခြားရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်များ
နိုင်ငံတော်သို့ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်းနှင့် ဖြတ်သန်းခြင်းတို့ ပြုလုပ်ပါက
၎င်းတို့အပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၅ ပါ အကြမ်းဖက်သည့် ပြစ်မှု
တစ်ခုခုကို ကျူးလွန်ခြင်းမရှိစေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလျက်
သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အကြမ်းဖက်မှုများအား တားဆီး
နှိမ်နင်းရေးလုပ်ငန်းကော်မတီသို့ ဆက်သွယ်ညှိနှိုင်း၍ အောက်ပါအချက်များ ဖော်ပြပြီး
အကြောင်းကြားရမည်-
(၁) အပြည်ပြည်ဆိုင်ရာအကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်အမည်နှင့် နိုင်ငံသား၊
(၂) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ထုတ်ပေးသည့်ရက်စွဲ၊
(၃) နိုင်ငံတော်အတွင်းသို့ ဝင်ရောက်နေထိုင်မည့် သို့မဟုတ် ဖြတ်သန်းမည့် ဒေသနှင့် အချိန်ကာလ၊
(၄) နိုင်ငံတော်အတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းပြုမည့်အကြောင်းကိစ္စများ။
( ခ) အခြားပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့ နှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်များ လာရောက် သည့်အခါ အလားတူဆောင်ရွက်ရမည်။
၃၇။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီသည် အပြည်ပြည် ဆိုင်ရာ အကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်များ နိုင်ငံတော်အတွင်းသို့ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်း ခြင်းပြုကြောင်း နည်းဥပဒေ ၃၆ အရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ သိရှိလျှင် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် သိရှိလျှင်ဖြစ်စေ ၎င်းတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၅ ပါ အကြမ်းဖက်သည့်ပြစ်မှုတစ်ခုခုကိုကျူးလွန်ခြင်းမရှိစေရေး၊ လိုအပ်သော အကာအကွယ်များပေးရေး၊ အကြမ်းဖက်မှုဖြစ်ပွားလာပါက တားဆီးနှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများအား အရေးယူရေးတို့ အတွက် ဗဟိုအဖွဲ့သို့တင်ပြ၍ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီမှ တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား တာဝန်ပေးရမည်။
၃၈။ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည်-
(က) အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့်ပုဂ္ဂိုလ်များအား အကြမ်းဖက်မှုတိုက်ဖျက်ရေး
ဥပဒေပုဒ်မ ၁၅ ပါ အကြမ်းဖက်သည့်ပြစ်မှုတစ်ခုခုကို ကျူးလွန်လာပါက လိုအပ်သော
လက်နက်အင်အားနှင့် တပ်ဖွဲ့ဝင်အင်အားကိုအသုံးပြု၍ တားဆီးနှိမ်နင်းခြင်းနှင့် ချေမှုန်း
ခြင်းတို့ပြုပြီး အကြမ်းဖက်သမားများအား လိုအပ်သော အရေးယူမှုများ ဆောင်ရွက်ရ
မည်။
(ခ) နည်းဥပဒေခွဲ (က) ပါ ဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီနှင့် အကြမ်းဖက်မှုများ အား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီများသို့ အစီရင်ခံရမည်။
၃၉။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီနှင့် အကြမ်း ဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီတို့သည် အပြည်ပြည်ဆိုင်ရာ အကာအကွယ် ပေးရမည့် ပုဂ္ဂိုလ်များအား အကြမ်းဖက်မှုမခံရစေရန် အကာအကွယ်ပေးခြင်း၊ တားဆီးနှိမ်နင်းခြင်း၊ ချေမှုန်းခြင်း၊ အရေးယူခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုများကို ဗဟိုအဖွဲ့သို့ ဆောလျင်စွာ တင်ပြရ မည်။
အခန်း (၇)
ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းမှုများကို တားဆီးနှိမ်နင်းခြင်း
၄၀။ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် -
(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ ပါ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းသည့် အကြမ်းဖက်ကျူးလွန်သော ပြစ်မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး၊ တားဆီး
နှိမ်နင်းရေးနှင့် အရေးယူဆောင်ရွက်ရေးတို့အတွက် လိုအပ်သော လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်ရမည်။
(ခ) နည်းဥပဒေခွဲ (က) အရ ချမှတ်ထားသော လုပ်ငန်းအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအား တာဝန်ပေးပြီး ၎င်းတို့၏ ဆောင်ရွက် မှုကို ကြီးကြပ်ရမည်။
(ဂ) စာချုပ်ဝင်နိုင်ငံများနှင့် တိုက်ရိုက်ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ ဆက်သွယ်၍ အဆိုပါအကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုရမည်။
(ဃ) နည်းဥပဒေခွဲ(က)၊ (ခ)နှင့် (ဂ) တို့အရ ဆောင်ရွက်မှုများကို ဗဟိုအဖွဲ့သို့ ဆောလျင်စွာ အစီရင်ခံရမည်။
၄၁။ အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီသည် -
(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ တွင် ပါရှိသော ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းသည့် ပြစ်မှုများအပါအဝင် အကြမ်းဖက်သည့် ပြစ်မှုများအား တားဆီး ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး၊ သတ်မှတ်ထားသည့်ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များ အပါအဝင် ပြည်သူလူထု သိရှိနားလည်စေရေးအတွက် စာသင်ကျောင်းများတွင်လည်းကောင်း၊ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်းကောင်း လှည့်လည်၍အသိပညာပေးခြင်း၊ ဆွေးနွေး ဟောပြောပွဲများ ကျင်းပပေးခြင်းတို့ပြုနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းတို့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
(ခ) အကြမ်းဖက်သမားများ၏ ဝါဒဖြန့်မှုများအပေါ် ပြည်သူများ နားလည်မှုမလွဲမှားစေရန် သတင်းအချက်အလက်အမှန်များကို ရုပ်မြင်သံကြား၊ ရေဒီယို၊ အင်တာနက်သတင်း ဝဘ်ဆိုက်နှင့် လူမှုကွန်ရက်များ၊ သတင်းစာ၊ ဂျာနယ်နှင့် လက်ကမ်းစာစောင်များမှတစ်ဆင့် အများပြည်သူသို့ ထုတ်ပြန်ပေးရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
(ဂ) ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းသည့် ပြစ်မှုများအပါအဝင် အကြမ်းဖက်သည့် ပြစ်မှု တစ်ခုခုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ဖွယ်ရာရှိကြောင်း မိမိအမာခံများမှ တစ်ဆင့် ခိုင်လုံသောသတင်းရရှိပါက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြိုတင်တားဆီးနှိမ်နင်းရေး၊ ဓားစာခံများလွတ်မြောက်ရေးနှင့် အရေးယူဆောင်ရွက်ရေးတို့ ပြုလုပ်စေရမည်။
(ဃ) အကြမ်းဖက်မှုကို စီးနင်းတိုက်ခိုက်ခြင်းမပြုမီ ဓားစာခံများလွတ်မြောက်ရေးအတွက် သင့်လျော်သော ကျွမ်းကျင်သူများပါဝင်သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ဓားစာခံထိန်းသိမ်းထားသူများနှင့် ဖြစ်နိုင်ခြေရှိသမျှ စေ့စပ်ညှိနှိုင်းဆောင်ရွက် စေရမည်။
၄၂။ နည်းဥပဒေ ၄၀၊ နည်းဥပဒေခွဲ (ခ) အရ တာဝန်ပေးအပ်လာသည့်အခါ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များသည် အောက်ပါလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည် -
(က) အကြမ်းဖက်မှုကျူးလွန်သူများ၏ ဓလေ့စရိုက်များ၊ ပြစ်မှုကျူးလွန်မှုများ၊ ပြစ်မှုကျူးလွန် ရာတွင် အသုံးပြုသောပစ္စည်းများ၊ လက်နက်များအပေါ် ပြည်သူများ နားလည်သတင်း ပေးနိုင်စေရန် ဆွေးနွေးခြင်း၊
(ခ) အကြမ်းဖက်မှုကျူးလွန်သူများအား နောက်ကွယ်မှ ငွေကြေးနှင့် အထောက်အကူပြု ပစ္စည်း ထောက်ပံ့ပေးသူများ၊ အားပေးကူညီသူများကို အဓိက စုံစမ်းဖော်ထုတ်၍ အကြမ်းဖက်မှု ကျူးလွန်သူများနှင့် ဆက်နွှယ်မှုလမ်းကြောင်းနှင့် နည်းလမ်းများအား ဖြတ်တောက်ခြင်း၊
(ဂ) လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်း၊
(ဃ) အထူးလေ့ကျင့်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကြိုတင်နေရာချထားခြင်း၊ ဓားစာခံ များရှိရာ အဆောက်အအုံ၏ စနစ်ပုံများကို လေ့လာခြင်း။
(င) အကြမ်းဖက်မှု ကျူးလွန်သူများ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော ဓားစာခံများ လွတ်မြောက်ရေးနှင့် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုမရှိစေရေးအတွက် အတတ်နိုင်ဆုံး ဦးစားပေးဆောင်ရွက်ခြင်း။
(စ) အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများအား ကူညီဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊
(ဆ) အကြမ်းဖက်မှုတွင် ပါဝင်ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်ဖမ်းဆီး၍ နောက်ကွယ်မှ ထောက်ပံ့သူများ၊ အားပေးကူညီသူများ စီစဉ်ညွှန်ကြားသူများအား ဖော်ထုတ်ပြီး ဥပဒေ နှင့်အညီ ထိရောက်သောအရေးယူမှုများ ဆောင်ရွက်ခြင်း။
၄၃။ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် -
(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ တွင်ပါရှိသော ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်း သည့် ပြစ်မှုကျူးလွန်သည့် အကြမ်းဖက်သမားများအား ရာဇဝတ်ကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဝရမ်းမပါဘဲ ရှာဖွေဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း ပြုနိုင်သည်။
( ခ ) လူတစ်ဦး သို့မဟုတ် လူအများအား အကြမ်းဖက်သမားများမှ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သို့မဟုတ် မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်း သတင်းရရှိသည့်အခါ ထိုနေရာ သို့မဟုတ် အဆောက်အအုံအတွင်းသို့ အတားအဆီးမရှိဝင်ရောက်၍ ဓားစာခံများကို ကယ်တင် နိုင်သည်။ ထိုသို့ဝင်ရောက်ရာတွင် အတားအဆီးဖြစ်သော တံခါး၊ ပြတင်းပေါက် စသည့် အတားအဆီးများကိုဖျက်ဆီး၍ ဝင်ရောက်နိုင်သကဲ့သို့ ဓားစာခံများကိုကယ်တင်ပြီး အဆိုပါ အတားအဆီးများရှိပါက ဖျက်ဆီး၍ ထွက်နိုင်သည်။
( ဂ ) ဓားစာခံများအား ထိုသို့ဝင်ရောက်ကယ်တင်ရာတွင် အကြမ်းဖက်သမားများက အင်အားသုံး၍ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာ ခုခံလာလျှင်သော်လည်းကောင်း၊ ထွက်ပြေးလွတ်မြောက်အောင် ကြိုးပမ်းလျှင်သော်လည်းကောင်း အကြမ်းဖက်သမားအား သေစေသည်အထိ ပစ်ခတ်ဖမ်းဆီး နိုင်သည်။
(ဃ) ဓားစာခံများကို ဝင်ရောက်ကယ်တင်ရာတွင် လူ့ကိုယ်ခန္ဓာနှင့်ပစ္စည်းအပေါ် ဘေးအန္တရာယ်မဖြစ် စေရေးအတွက် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူ၏ ကိုယ်ကိုလည်းကောင်း ရာဇသတ်ကြီး ပုဒ်မ ၉၆ မှ ၁၀၆ အထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် ရှိစေရမည်။
(င) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၁၇ တွင်ပါရှိသော ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်း သည့် ပြစ်မှုကျူးလွန်သူအကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အရေးယူရမည်။
အခန်း (၈)
နျူကလီးယားအဆောက်အအုံများနှင့် သက်ဆိုင်သည့်ပြစ်မှုများနှင့် ဇီဝ၊ ဓာတုနှင့်
နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများကို တားဆီးနှိမ်နင်းခြင်း
၄၄။ ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကော်မတီ သည် -
(က) အပြည်ပြည်ဆိုင်ရာနျူကလီးယားဒြပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ပြည်တွင်းရှိ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အဖွဲ့အစည်းမှတစ်ဆင့်ဖြစ်စေ လိုအပ်သလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်။
( ခ ) နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းနှင့် နည်းပညာများတင်သွင်းခြင်း၊ တင်ပို့ ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထားခြင်း၊ ထုတ်လုပ်ခြင်းတို့ဆောင်ရွက်ရာတွင် ရေဒီယို သတ္တိကြွဒြပ်ပစ္စည်း၊ နျူကလီးယားဒြပ်ပစ္စည်းများနှင့် သက်ဆိုင်သောအပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်ကွန်ဗင်းရှင်းနှင့်အညီ လုံခြုံမှုအဆင့် သတ်မှတ်၍ လိုအပ်သောအစီအမံများ ချမှတ်ပြီး ဆောင်ရွက်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်အား သက်ဆိုင်ရာအစိုးရ ဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်စေရမည်။
( ဂ ) အပြည်ပြည်ဆိုင်ရာနျူကလီးယားဒြပ်ပစ္စည်း သယ်ယူပို့ဆောင်မှုပြုနေစဉ်ကာလအတွင်း နည်းဥပဒေခွဲ(ခ) အရ သတ်မှတ်ထားသောအမျိုးအစားနှင့် အဆင့်အလိုက် ဘေးကင်းလုံခြုံမှု အစီအစဉ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်သူ သို့မဟုတ် တာဝန်ယူ၍ သယ်ယူပို့ဆောင်သူထံမှ အာမခံချက်များရယူထားရမည်။ ထိုသို့ အာမခံချက်များ ရယူထားခြင်း မရှိလျှင် နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းနှင့် နျူကလီးယားအဆောက်အအုံ များကို တည်ဆဲဥပဒေအရ ခွင့်ပြုချက်မရှိဘဲ-
(၁) ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ သယ်ဆောင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် ရွှေ့ပြောင်း ခြင်း မပြုစေရ။
(၂) နိုင်ငံတော်၏နယ်နိမိတ်အတွင်း ကုန်းကြောင်း၊ ရေကြောင်း သို့မဟုတ် လေကြောင်း ဖြင့် သယ်ယူပို့ဆောင်ခြင်းကိုသော်လည်းကောင်း၊ နိုင်ငံတော်၏ လေဆိပ်၊ သင်္ဘောဆိပ် နှင့် ကုန်းလမ်းဝင်ပေါက်ဂိတ်များမှတစ်ဆင့် ဖြတ်သန်းသယ်ယူပို့ဆောင်ခြင်းကို သော် လည်းကောင်း ခွင့်မပြုရ။
(ဃ) အောက်ပါဆောင်ရွက်ချက်များနှင့် သတင်းအချက်အလက်များကို လျှို့ဝှက်အဆင့်သတ်မှတ်၍ ထိန်းသိမ်းဆောင်ရွက်ရမည် –
(၁) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း(၇)ပါ ပြဋ္ဌာန်းချက်များအား အကောင်အထည် ဖော်ဆောင်ရွက်မှုများ၊
(၂) နည်းဥပဒေခွဲ (က) နှင့် (ခ) တို့အရ ဆောင်ရွက်ချက်များ၊
(၃) ပြည်ပနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပေးပို့ရာ၌ရရှိသော သတင်းအချက်အလက်များ၊ ယင်းတို့နှင့် ပူးပေါင်းညှိနှိုင်း၍ လှုပ်ရှားဆောင်ရွက်မှုများ။
၄၅။ ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းကော်မတီ သည်-
(က) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများနှင့် အခြားလက်နက် များအား တစ်နည်းနည်းဖြင့် လက်ခံမှု၊ လက်ဝယ်ထားရှိမှု၊ အသုံးပြုမှု၊ ပြုလုပ်မှု၊ လွှဲပြောင်းမှု၊ ပြောင်းလဲမှု၊ စွန့်ပစ်မှု၊ ပျံ့လွင့်စေမှု သို့မဟုတ် ဖြန့်ကြက်ချထားမှုများ မပြုရေးနှင့် တားဆီးရေး အတွက်လည်းကောင်း၊ အဆိုပါ ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် လုပ်ဆောင်မှုများအား စောင့်ကြပ် ထိန်းချုပ်ရေးအတွက်လည်းကောင်း လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ ပြုရမည်။
( ခ ) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများ ခိုးယူမှု၊ လုယက်မှု၊ အလွဲသုံးစားပြုမှု၊ လိမ်လည်အတုပြုလုပ်မှုများမှ ကာကွယ်ရေးအတွက် လည်းကောင်း၊ ဇီဝနှင့် ဓာတုပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းနှင့် နျူကလီးယားဒြပ်ပစ္စည်းများအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် တရားဝင်အသုံးပြုလျက်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများအား ရာခိုင်နှုန်းပြည့်ထိန်းချုပ်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် လည်းကောင်း လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုရှိစေရန်အလို့ငှာ သက်ဆိုင်ရာတာဝန်ရှိအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း သို့မဟုတ် ထိုသို့စစ်ဆေးစေခြင်း ပြုရမည်။
( ဂ ) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ သယ်ဆောင်မှု၊ ပေးပို့မှု သို့မဟုတ် ရွှေ့ပြောင်းမှုများကိုလည်းကောင်း၊ ဇီဝ၊ ဓာတုနှင့်နျူကလီးယားလက်နက်များကို ပြည်တွင်းသို့ ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ သယ်ဆောင်မှု၊ ပေးပို့မှု သို့မဟုတ် ရွှေ့ပြောင်းမှုများကို လည်းကောင်း ထိန်းချုပ်နိုင်စေရန် နိုင်ငံတော်၏ဝင်ပေါက်နေရာများတွင် အဆိုပါ ဇီဝ၊ ဓာတုနှင့် နျူကလီးယား လက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများအား စောင့်ကြည့်စစ်ဆေးသည့် စက်ကိရိယာ များတပ်ဆင်ခြင်း၊ နယ်စပ်ဒေသများ၌ သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၏ ရှာဖွေထောက်လှမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ ပြုရမည်။
(ဃ) နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာများ၊ နျူကလီးယား အဆောက်အအုံများအား အသုံးပြု၍ဖြစ်စေ၊ ဖျက်ဆီး၍ဖြစ်စေ တစ်နည်းနည်းဖြင့် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းထုတ်လွှင့်မှုများနှင့် ဓာတ်ရောင်ခြည်များ ပျံ့လွင့်စေမှုများ မဖြစ်ပွားစေရန် နျူကလီးယားအဆောက်အအုံများအား လုံခြုံရေးအစီအမံများ စနစ်တကျထားရှိခြင်းနှင့် ကြိုတင်ကာကွယ်ရေးအစီအမံများ ပြုလုပ်ဆောင်ရွက်စေရန် သက်ဆိုင်ရာအစိုးရဌာနအား တာဝန်ပေးရမည်။
( င ) ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများကို အသုံးပြု၍ တစ်နည်းနည်းဖြင့် အခြားသူတစ်ဦးဦးကိုသေစေရန် သို့မဟုတ် အပြင်းအထန် နာကျင်စေရန် သော်လည်းကောင်း၊ ပစ္စည်းဥစ္စာကိုဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ကိုဖြစ်စေ ဆိုးရွားစွာပျက်စီး စေရန်သော်လည်းကောင်း ရည်ရွယ်၍ ကျူးလွန်မှု သို့မဟုတ် ထိုပစ္စည်းတစ်ခုခုကိုအသုံးပြုမှု၊ လက်ဝယ်ထားမှု သို့မဟုတ် ပြုလုပ်မှုကို တားဆီးရန် ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းများအား စနစ်တကျမှတ်ပုံတင်ထားရှိခြင်း၊ မှတ်ပုံတင်ထားသော ယင်းပစ္စည်းတို့နှင့်စပ်လျဉ်းသည့် နေရာဒေသရွှေ့ပြောင်းမှုအားလုံးကို မှတ်တမ်းတင်ထားခြင်း၊ ပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခြင်းခံရသည့်အခါ ယင်းတို့ကို ပြန်လည်ရရှိရေးအတွက် ပြည်တွင်းရှိ အာဏာပိုင်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အဖွဲ့အစည်းမှတစ်ဆင့်ဖြစ်စေ လိုအပ် သလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်စေရန် သက်ဆိုင်ရာအစိုးရဌာနအား တာဝန်ပေးရမည်။
(စ) ဗဟိုအဖွဲ့၏လမ်းညွှန်ချက်အရ ဇီဝ၊ ဓာတုနှင့် နျူကလီးယားလက်နက်များ၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းများကိုအသုံးပြု၍ အကြမ်းဖက်မှုများပြန့်ပွားစေရေးအတွက် ငွေကြေးထောက်ပံ့မှု ကျူးလွန်သည့် ပြည်ပနိုင်ငံမှ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက ပိုင်ဆိုင်ပြီး မိမိနိုင်ငံ၏ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင်ရှိသော ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ခြင်းနှင့် ထိုနိုင်ငံများတွင် မှတ်ပုံတင်ထားသော သင်္ဘောများအား မိမိနိုင်ငံ၏ဆိပ်ကမ်းတွင် ဝင်ရောက် ဆိုက်ကပ်ခြင်းတို့ကို ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဆ) နျူကလီးယားအဆောက်အအုံများ နှောင့်ယှက်ဖျက်ဆီးမှုဖြစ်ပွားပါက မှုခင်းများ ဖြစ်ပွားပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ ပြုလုပ်စေရန် သက်ဆိုင်ရာအစိုးရ ဌာနအား တာဝန်ပေးရမည်။
အခန်း (၉)
ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံကို
ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများအား တားဆီးနှိမ်နင်းခြင်း
၄၆။ ရေကြောင်းပို့ဆောင်ရေးနှင့် ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းကော်မတီသည် -
(က) နိုင်ငံတော်တွင်မှတ်ပုံတင်ထားသော သင်္ဘောများအား ပြည်တွင်းပြည်ပ ဆိပ်ကမ်းများတွင် ရေကြောင်းပို့ဆောင်ရေးကိုလည်းကောင်း၊ ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံ ကိုလည်းကောင်း ဘေးအန္တရာယ်ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်မှုများ ဖြစ်ပွားလာပါက ကိုင်တွယ် ဖြေရှင်းနိုင်မည့် အစီအမံများကို ကြိုတင်ချမှတ်ပြီး ဆောင်ရွက်ရမည်။
( ခ ) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၂၇ ပါ ရေကြောင်းပို့ဆောင်ရေးကို ဘေးအန္တရာယ် ဖြစ်စေသည့် ဥပဒေမဲ့ပြုလုပ်သော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သင်္ဘောများ၊ ဆိပ်ကမ်းများ နှင့် သင်္ဘောဆိုက်ကပ်ရပ်နားရေးအတွက် လွယ်ကူအဆင်ပြေရန် စီမံထားရှိသော အထောက် အကူပြုပစ္စည်းကိရိယာများအား ဘေးအန္တရာယ်ဖြစ်စေမည်ဟု ခြိမ်းခြောက်မှုများနှင့် ထိပါး တိုက်ခိုက်မှုများအား တားဆီးကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး၊ တိုက်ဖျက်ရေးနှင့် အရေးယူ ဆောင်ရွက်ရေးတို့အတွက် အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းပြီး ရေကြောင်းကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များအား တာဝန် ပေးရမည်။
(ဂ) အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၃ ပါ ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံ နှင့် ထိုအဆောက်အအုံပေါ်ရှိ လူများကို ဘေးအန္တရာယ်ဖြစ်စေသည့် အကြမ်းဖက်မှုများကို လည်းကောင်း၊ ထိုဥပဒေပုဒ်မ ၃၃ ပါ ပြစ်မှုတစ်ခုခုကို နိုင်ငံတော်၏ပိုင်နက် ပင်လယ်နယ်နိမိတ်တွင် ဖြစ်စေ၊ ကမ်းလွန်ရေတိမ်ပိုင်းတွင်ဖြစ်စေ ပြစ်မှုကျူးလွန်သည့် အကြမ်းဖက်မှုများကိုလည်း ကောင်း ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေး၊ တိုက်ဖျက်ရေးနှင့် အရေးယူဆောင်ရွက်ရေးတို့ အတွက် အကြမ်းဖက်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီနှင့် ညှိနှိုင်းပြီး ရေကြောင်း ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့အား တာဝန်ပေးရမည်။
(ဃ) နည်းဥပဒေခွဲ (ခ) နှင့် (ဂ) တို့အရ အကြမ်းဖက်မှုများအား ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးနှင့် တိုက်ဖျက်ရေးတို့ဆောင်ရွက်ရာတွင် လိုအပ်ပါက တပ်မတော်(ရေ)ကို အကူအညီတောင်းခံ နိုင်သည်။
(ဆက်လက်ဖော်ပြပါမည်)