
နေပြည်တော် မတ် ၁၀
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဆင်သေချောင်းရေကို လျှပ်စစ်ရေတင် စနစ်အသုံးပြု၍ ရှားစေးဖိုကျေးရွာရှိ နွေသီးနှံ စိုက်ကွင်းများ ရေစတင် ပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရှားစေးဖို ကျေးရွာ မူလတန်းကျောင်းဝင်းအတွင်း ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရေအသုံးချသူများအဖွဲ့(WUG) အဖွဲ့ဝင် တောင်သူလယ်သမားများ တက်ရောက်ကြ သည်။
တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေဆီဩဇာကောင်းမွန်ရေး၊ ရေရရှိရေး၊ စိုက်နည်း စနစ် မှန်ကန်ပြီး ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချနိုင်ရေးတို့ကို ကဏ္ဍစုံမှ စီမံဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နေရောင်ခြည်ဆိုလာသုံး ရေတင်စနစ်ဖြင့် ရေတင် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ပြီး တောင်သူဝင်ငွေ သုံးဆရရှိ ရေးနှင့် တစ်ဧကချင်း၏ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေးကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ ဆင်သေ ချောင်းနှင့် ပလွေးချောင်းတစ်လျှောက်၌ ချောင်းပိတ် လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများမှ စိုက်ပျိုးမြေ ဧက ၁၈၀၀ ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းများမှ စိုက်ပျိုးမြေ ဧက ၈၆၀၀၀၀ ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ ယခုကျင်းပသည့် ရှားစေးဖို ဆိုလာရေတင်စက်ဖြင့် ရေဆင်းဆည်ရေသောက် မိုင်နာအမှတ်(၅)မြောင်းသို့ သွင်းယူပြီး နွေသီးနှံ ၁၆၆ ဧကကို အကျိုးပြုမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တွက်ခြေကိုက် အကျိုးရှိမည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုး၍ မိမိတို့ စီးပွားဖြစ်ထွန်းအောင် အားထုတ်ကြိုးပမ်းကြ စေလိုကြောင်း ပြောကြားသည်။
ကူညီပံ့ပိုးပေးသွားမည်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တောင်သူများအနေဖြင့် သွင်းအားစု အရင်းအနှီး ခိုင်မာစွာဖြင့် ဈေးကွက်သေချာမှုရှိသော စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရေးအတွက် လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို အားပေး လိုကြောင်း၊ အလားတူ မျိုးဖြန့်ဖြူးရေးနည်းပညာ ပြန့်ပွားရေး၊ အရင်းအနှီး မတည်ငွေရရှိရေးလုပ်ငန်း များ ချိတ်ဆက်ရန် လွယ်ကူစေမည့် လယ်ယာ ကုန်ထုတ်သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက် သည့် နည်းလမ်းကိုလည်း လုပ်ဆောင်ကြစေလို ကြောင်း၊ စိတ်ဆန္ဒတူရာတောင်သူများ စုပေါင်း၍ သမဝါယမအသင်း ဖွဲ့စည်းလုပ်ကိုင်လိုပါက မိမိတို့ ဝန်ကြီးဌာနက လိုအပ်ချက်များ ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
လူနေမှုအဆင့်အတန်း မြင့်မားရေး
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက် အရေးပါသည့် ရေရရှိရေးလုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်ပေးနေ မှုအပေါ် ဒေသနေတောင်သူများအနေဖြင့် အခွင့် အရေးကောင်းအဖြစ် မှတ်ယူပြီး မိမိတို့နှင့် အဆင်ပြေ မည့် သီးနှံပုံစံကို အသုံးပြု၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မိမိတို့၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတို့အတွက် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်း အနား ဆက်လက်ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ နှင့် တောင်သူကိုယ်စားလှယ်တို့က အထိမ်းအမှတ် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်တို့က ရေတင်စက် အမှတ် (၁) နှင့် အမှတ် (၂) တို့ကို စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေကြရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေ မှု နှင့် တောင်သူများ၏ စိုက်ကွင်းများအတွင်း နွေသီးနှံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်