
နေပြည်တော် မတ် ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက် ရှိရာ ယနေ့တွင် တတိယနေ့အဖြစ် သင်္ချာ ဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာအထက်တန်း ကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ အား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှု များကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ငါးခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ဦးရှိပြီး စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် လာရောက် ဖြေဆိုသူ စုစုပေါင်း ၁၆၁၆၃၃ ဦး ရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၉ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများ ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်