
နေပြည်တော် မတ် ၉
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပရာ မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်အမှာ စကားပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်က မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကာလအတွင်း ရိုးရာယဉ်ကျေးမှုမပျက် ယဉ်ကျေး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်စေရန်၊ အများပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စိတ်အပန်းဖြေနိုင်စေရန် အတွက် စည်ကားသိုက်မြိုက်ပြီး အောင်အောင် မြင်မြင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံရေး လစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် မဟာသင်္ကြန် ကျင်းပရေးဦးစီး ကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက် ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီနှင့် ဧည့်ခံ ကျွေးမွေးရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ယခင်နှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေ များ၊ ယခုနှစ် ဆောင်ရွက်ရန်လျာထားသည့် အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
သတင်းစဉ်