
နေပြည်တော် မတ် ၉
အာဆီယံ - ဂျပန် ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၂) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင်ပြောင်းလဲမှု များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် များ၏ ခေတ်သစ်ပြုပြင်ပြောင်းလဲ မှုဆိုင်ရာ အသိပညာ၊ ဗဟုသုတ များကို မျှဝေခြင်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ဌာနများမှ အရာထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် ခေတ်သစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုများတွင် စွမ်းဆောင်ရည် ပြည့်ဝစွာ ပါဝင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲ ကို မတ် ၁၀ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ခေါင်းစဉ်အလိုက် ဆွေးနွေးမည်
ဆွေးနွေးပွဲတွင် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဥပဒေ ပညာဌာနမှ ပါမောက္ခ ဒေါက်တာ စန်းစန်းလွင်နှင့် Senior Interna-tional Arbitration Advisor, Dr. Kabir Duggal တို့က နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များနှင့် သက်ဆိုင်သည့် အပြည့်အဝ အကာအကွယ်ပေး ခြင်းနှင့် လုံခြုံမှုရှိစေခြင်း၊ Public Policy Exceptions နှင့် နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်များတွင် အခွန်ဆိုင်ရာ ဆောင်ရွက်မှုများကို ထည့်သွင်း ခြင်း/ချန်လှပ်ခြင်း၏ သက်ရောက် မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို လျော့ကျ စေမည့် ပြဋ္ဌာန်းချက်များနှင့် အစိုးရ၏ စည်းမျဉ်း စည်းကမ်း ချပိုင်ခွင့် (Right to Regulate) ကို အားကောင်းစေနိုင်မည့် ကိစ္စရပ် များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီး မြှုပ်နှံသူ၏ အဓိပ္ပာယ်၊ နိုင်ငံသား နှင့် တန်းတူဆက်ဆံခြင်း၊ ပိုမို သာလွန်သော အခွင့်အရေးရနိုင်ငံ များနည်းတူ ဆက်ဆံဆောင်ရွက်မှု ပြုခြင်း၊ သာတူညီမျှဆက်ဆံ ဆောင်ရွက်မှုပြုခြင်း စသည့် ခေါင်းစဉ်များဖြင့် နိုင်ငံတကာ သဘောတူစာချုပ်များ၏ Trend တိုးတက်ပြောင်းလဲမှုများကို မျှဝေ ဆွေးနွေးသွားမည်ဖြစ်သည်။
တက်ရောက်
ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများနှင့် အရာထမ်းများ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်