
(၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်)
အားလုံးမင်္ဂလာပါ
ဒီနေ့ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည် တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်မျှရှိတဲ့ အမျိုးသမီးများဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အဓိကကျတဲ့ အင်အားစုကြီးဖြစ်ပြီး အမျိုး သမီးတွေရဲ့ အခွင့်အရေးနဲ့ စွမ်းဆောင်နိုင်မှုတွေကို ပိုမိုအာရုံစိုက်မိ လာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အလေးထား အကောင်အထည်ဖော်နိုင်စေဖို့ ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ကမ္ဘာတစ်ဝန်း မှာ နှစ်စဉ်ကျင်းပကြပါတယ်။
ကုလသမဂ္ဂက အမျိုးသမီးများနေ့အခမ်းအနား ကျင်းပနိုင်ရေး ဆောင်ပုဒ်များကို နှစ်စဉ်ချမှတ်ပေးလျက်ရှိရာ ယခု ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ “ကျားမ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” (Digit ALL: Innovation and technology for gender equality) ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ ဆိုလိုချက်ကတော့ စီးပွားရေးနဲ့ လူမှုရေးအပေါ် မညီမျှမှုများပိုမိုဖြစ်ပွား စေတဲ့ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍမှာ ကျားမကွာဟမှုဆိုင်ရာ သက်ရောက်မှုများကို စူးစမ်းလေ့လာခြင်းဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ကဏ္ဍမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခွင့်အရေးတွေကို ကာကွယ်ခြင်းနဲ့ အွန်လိုင်းနဲ့ နည်းပညာဆိုင်ရာ ကျားမအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြခြင်းပဲဖြစ်ပါတယ်။
အမျိုးသမီးများနဲ့ ထိခိုက်လွယ်တဲ့ အုပ်စုများကို နည်းပညာ လက်လှမ်းမီရရှိစေခြင်းဟာ အမျိုးသမီးများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို ကျားမတန်းတူညီမျှမှုကို ပိုမိုမြှင့်တင် ပေးဖို့အတွက် အသိပညာနဲ့ ဆန်းသစ်တီထွင်မှုများကို ပေးနိုင်တဲ့ အလားအလာကောင်းတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ နည်းပညာ ကဏ္ဍမှာ အမျိုးသမီးများပါဝင်နိုင်မှုမရှိခြင်းဟာ ကုန်ကျစရိတ်ပိုမို များပြားစေပါတယ်။ UN Women’s Gender Snapshot 2022 အစီရင်ခံစာအရ ဒစ်ဂျစ်တယ်ကမ္ဘာကနေ အမျိုးသမီးတွေကို ဖယ်ထုတ်ခြင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံ များနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံများရဲ့ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကို ဆုံးရှုံးခဲ့ ကြောင်း သိရပါတယ်။ အဲဒီကိစ္စအပေါ် ဘယ်လိုဆောင်ရွက်ချက်မှ လုပ်မပေးနိုင်ဘူးဆိုရင် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ဆုံးရှုံးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
ဒီလိုမဖြစ်စေဖို့အတွက် အွန်လိုင်းအကြမ်းဖက်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်မှာဖြစ်ပြီး နိုင်ငံပေါင်း ၅၁ နိုင်ငံရဲ့ လေ့လာ မှုတစ်ခုအရ အမျိုးသမီး ၃၈ ရာခိုင်နှုန်းဟာ အွန်လိုင်းအကြမ်းဖက်မှု များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်းနဲ့ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းပေါ်မှာ အချိန်ပိုမိုသုံးစွဲခဲ့တဲ့ အမျိုးသမီးတွေအနေနဲ့ အွန်လိုင်း နဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာများမှာ အကြမ်းဖက်ခံရမှု တိုးမြင့်လာကြောင်း လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရှိရ ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ ဒစ်ဂျစ်တယ်နည်းပညာ တိုးတက် ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အခွင့်အလမ်းများဟာ ကျားမဆိုင်ရာ မညီမျှမှုတွေကို ဆက်လက်တည်မြဲစေနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းနဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ ကျားမ ခွဲခြားမှုရဲ့ရလဒ်အနေနဲ့ အမျိုးသမီးများ နောက်ကျကျန်ရစ်ခဲ့မှုနဲ့အတူ နည်းပညာလက်လှမ်းမီရရှိမှုနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ်များမှာ ကျားမရေးရာမညီမျှမှုများဟာ မြင့်မားလျက်ရှိတာကို လည်း အဆိုပါလေ့လာမှုစစ်တမ်းမှာ ဖော်ပြထားတာ တွေ့ရှိရတဲ့အတွက် ဒီအချက်တွေကို သတိထားကြဖို့ လိုအပ်ကြောင်း မှာကြားလိုပါတယ်။
ကျားမတန်းတူညီမျှရေးအတွက် နိုင်ငံအလိုက် ဘယ်လိုပဲ အမျိုး သမီးအခွင့်အရေးကို ပြည့်ဝအောင်ဆောင်ရွက်ပေးနေတယ်၊ အမျိုး သမီးတွေဟာ အခွင့်အရေးတွေ တန်းတူညီမျှရနေတယ်ဆိုပေမယ့် နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုတွေ၊ ကျင့်သုံးနေကြတဲ့ အစဉ်အလာ ရိုးရာဓလေ့ထုံးစံတွေအရ ကျားမတန်းတူညီမျှရေးမှာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး ပြောင်းလဲခြင်းမပြုနိုင်သေးတဲ့ အတားအဆီးတွေလည်း ရှိနေဆဲပဲဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
သတင်းအချက်အလက် နည်းပညာခေတ် (Information Age) ကာလဟာ ၁၉၉၀ ပြည့်နှစ်ကစခဲ့တာဖြစ်ပြီး ကွန်ပျူတာနည်းပညာနဲ့ အတူ သိပ္ပံနဲ့နည်းပညာနဲ့ သတင်းအချက်အလက်နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် ကဏ္ဍအသီးသီးမှာ များစွာ အထောက်အပံ့ပြုနေတာကို တွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။ မျက်မှောက်ခေတ်မှာ ဒစ်ဂျစ်တယ်နည်းပညာ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်ပြောင်းလဲလာမှု၊ ကျယ်ပြန့်စွာ ချိတ်ဆက်အသုံးပြုလာမှု တို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာများကနေတစ်ဆင့် သတင်းအချက် အလက်များရရှိခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်း များရရှိခြင်း၊ အသိပညာဗဟုသုတများ လေ့လာသင်ယူနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာရရှိနိုင်ပြီး လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ များစွာ အထောက်အကူပြုစေပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ အကျိုးကျေးဇူး များကိုရရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီကို ကျားမတန်းတူ ညီမျှစွာ အရောက်လှမ်းနိုင်ဖို့အတွက် တီထွင်ဆန်းသစ်မှု၊ နည်းပညာနဲ့ ဒစ်ဂျစ်တယ်အသိပညာဆိုင်ရာ ကျားမရေးရာ အလေးထားချဉ်းကပ်မှုနဲ့ မြှင့်တင်ဆောင်ရွက်ဖို့၊ နည်းပညာလက်လှမ်းမီရရှိဖို့၊ နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနက မကြာသေးမီက ရေးဆွဲထားရှိတဲ့ “သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)” ရဲ့ အခန်း(၅) “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍ” မဏ္ဍိုင်(၁) “အခွင့်အလမ်းနှင့် လူတိုင်းအကျုံးဝင်မှု” မှာ ကျားမရေးရာ ထည့်သွင်းဆောင်ရွက်ထားတဲ့မူဝါဒကို ရေးဆွဲထား တာ တွေ့ရှိရမှာဖြစ်ပါတယ်။ အဆိုပါ မဟာဗျူဟာစီမံကိန်းကို နိုင်ငံ တော်ရဲ့ မူဝါဒနဲ့အညီ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (National Comprehensive Development Plan-NCDP )နဲ့ ချိတ်ဆက်ရေးဆွဲထားတာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်းများနဲ့ နည်းပညာမြှင့်တင်ရေးသင်တန်းများ ကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာမှာ သတ်မှတ် အရည်အချင်းများနဲ့ ကိုက်ညီပါက ကျားမခွဲခြားမှုမရှိဘဲ တန်းတူညီမျှ တဲ့ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးနေတာကို တွေ့ရမှာဖြစ်ပါ တယ်။ နည်းပညာတက္ကသိုလ်တွေနဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ အမျိုးသမီးတက်ရောက်မှုရာခိုင်နှုန်းဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ၄၀ ရာခိုင်နှုန်းသာ တက်ရောက်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာ ၄၈ ရာခိုင်နှုန်း တက်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။
အမျိုးသမီးများအနေနဲ့ နည်းပညာလက်လှမ်းမီရရှိပြီး ဒစ်ဂျစ်တယ် နည်းပညာကျွမ်းကျင်တဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို လက်လှမ်းမီအသုံးပြုနိုင်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တွေကို ပိုမိုလုပ်ကိုင်လာနိုင်မှာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များအား မှီခိုမှုကင်းစွာ ဆောင်ရွက်လာနိုင်မှာဖြစ်တာကြောင့် မိမိတို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးသက်ရောက်လာစေမှာ ဖြစ်ပါတယ်။
ဆန်းသစ်တဲ့ နည်းပညာများတိုးတက်လာခြင်းဟာ ကောင်းကျိုး တွေကို ဖြစ်ပေါ်လာစေသလို တစ်ဖက်မှာလည်း နည်းပညာကို အသုံးပြုပြီး အမျိုးသမီးများအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ၊ အွန်လိုင်းကနေတစ်ဆင့် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အွန်လိုင်းကနေတစ်ဆင့် အကြမ်းဖက်မှုများနဲ့ ရာဇဝတ်လုပ်ငန်းများ လုပ်ကိုင်ရန် အတင်းအကျပ်ခိုင်းစေမှုတို့လည်း ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများရဲ့ ၈၆ ရာခိုင်နှုန်းခန့်မှာ အနည်းဆုံးလက်ကိုင်ဖုန်းတစ်လုံးပိုင်ဆိုင်ပြီး အင်တာနက်အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့လည်း တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများရဲ့ ၅၆ ရာခိုင်နှုန်းဟာ အိမ်မှာအင်တာနက်အသုံးပြုလျက်ရှိပြီး မြို့ပြမှာ ၇၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ကျေးလက်မှာ ၄၈ ဒသမ ၈ ရာခိုင်နှုန်းရှိတာကို တွေ့ရှိရပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ နောက်ပိုင်းကာလတွေမှာ ဒီရာခိုင်နှုန်း ထက် ပိုမိုများလာနိုင်မယ်လို့ ခန့်မှန်းရနိုင်ပါတယ်။ ယနေ့ခေတ်မှာ ကျောင်းနေတဲ့အရွယ်ကစပြီး ကလေးတိုင်းဟာ လက်ကိုင်ဖုန်းကို ကိုင်တွယ်ရင်းနှီးနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကလေး၊ လူငယ်၊ အမျိုးသမီးငယ်ရွယ်အများစုဟာ လက်ကိုင်ဖုန်း အသုံးပြုကြရာမှာ ကောင်းမွန်တဲ့အကျိုးရလဒ်ရနိုင်တာရှိသလို သုံးတဲ့ နည်းလမ်းမှားရင်လည်း အန္တရာယ်ရှိပြီး အကျိုးကျေးဇူးမရှိနိုင်တာကို သတိထားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းအသုံးပြုခြင်းကနေ တစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ရှာဖွေရာမှာ လမ်းကြောင်းမမှားစေရေး သင်ကြားပေးဖို့ မိဘ၊ ဆရာ များနဲ့ အုပ်ထိန်းသူလူကြီးသူမများမှာ တာဝန်ရှိသလို သတင်းမီဒီယာ များကနေတစ်ဆင့် အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံအတွက် မှန်ကန်တဲ့ လူ့စွမ်းအား အရင်းအမြစ်ပေါ်ထွက်လာပြီး ပိုမိုပြည့်စုံကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်းမှာလည်း အင်တာနက်ကနေတစ်ဆင့် မိန်းကလေးငယ်များအပါအဝင် ကလေးသူငယ်များအပေါ် နည်းမျိုးစုံနဲ့ အမြတ်ထုတ်မှု၊ အလွဲသုံးမှုတို့မှ ကာကွယ်စောင့်ရှောက်ရေး အာဆီယံ ဒေသလုံးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲထားပြီးဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးများကို တန်းတူရရှိနိုင်စေရန် နဲ့ ခွဲခြားဆက်ဆံမှုများပပျောက်စေဖို့အတွက် နိုင်ငံတကာမှာ ချမှတ် ထားတဲ့ ကွန်ဗင်းရှင်းတွေကို ကြည့်မယ်ဆိုရင်လည်း ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ “အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” (Convention on the Elimin-ation of All forms of Discrimination Against Women-CEDAW)မှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေးများကိုလည်း ပြဋ္ဌာန်းထားရှိပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောရေး နဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးတဲ့ အကြောင်းတရားများရရှိဖို့ အတွက် နယ်ပယ်အားလုံးမှာ အမျိုးသားများနဲ့တန်းတူ အမျိုးသမီးများ ရဲ့ ပါဝင်မှုကို တိုးမြှင့်နိုင်သလောက် တိုးမြှင့်ပေးဖို့လိုအပ်ကြောင်း ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။
မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ“အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း” ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကို အလေးအနက်ထား အကောင်အထည်ဖော်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းအစီရင်ခံစာအရ အိမ်ထောင်စုလူဦးရေ ၅၄ ဒသမ ၉ သန်းမှာ အမျိုးသား ၄၆ ဒသမ ၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒီကိန်းဂဏန်းအရ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုကို အလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနဲ့ ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီး များ အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များရဲ့ လူမှုစီးပွားဘဝအခြေအနေ မြင့်မားရေးမှာ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ အမျိုးသား တန်းတူပါဝင်ခွင့်ရရှိရေးနဲ့ အမျိုးသမီး ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း” (၂၀၁၃-၂၀၂၂)ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းဟာ ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် (၂၀၂၃-၂၀၃၂)မဟာဗျူဟာ စီမံကိန်းအသစ် ရေးဆွဲရေးအတွက် ဦးဆောင်ကော်မတီနဲ့ လုပ်ငန်း ကော်မတီ (၁၂)ရပ် ဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မဟာဗျူဟာစီမံကိန်း အသစ်ရေးဆွဲရာမှာ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်မီနည်းပညာများကို အခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံမှာ ကျားမ တန်းတူညီမျှရေး၊ အမျိုးသမီးများ စွမ်းပကားမြင့်မားစေရေး၊ ကျေးလက်၊ မြို့ပြ ကွာဟမှုမရှိစေရေးတို့ကို အလေးထားဦးတည်ပြီး ကောင်းမွန်ပြည့်စုံတဲ့ မဟာဗျူဟာစီမံကိန်းတစ်ခုဖြစ်ရေး၊ ဝန်ကြီး ဌာန/အဖွဲ့အစည်းအသီးသီးက ရေးဆွဲထားတဲ့ စီမံကိန်းများနဲ့ ချိတ်ဆက်ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကော်မတီများအလိုက် တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
မြန်မာ့သမိုင်းစဉ်တစ်လျှောက် မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းစဉ်တွေမှာ အမျိုး သားများနဲ့ တန်းတူရင်ပေါင်တန်းပါဝင်ခဲ့တဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင် နိုင်မှုတွေကို ဂုဏ်ယူလျက် လေးစားအသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
အမျိုးသမီးများနဲ့ မိန်းကလေးငယ်တွေအနေနဲ့ အစဉ်အလာအရ တွေ့ကြုံနေရတဲ့ အခက်အခဲအတားအဆီးတွေ၊ တွေ့ကြုံရတဲ့ စိန်ခေါ်မှု တွေကို ကျော်လွှားနိုင်ဖို့အတွက် လိုအပ်နေတဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေအသစ်တွေ ရေးဆွဲဖို့လိုအပ်သလို တည်ဆဲဥပဒေများအနေနဲ့ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအတွက် ဥပဒေအရ ပိုမို ထိရောက်စွာကာကွယ်ပေးရန် လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်မှုတွေကိုလည်း ဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဒီနေ့ခေတ်ဟာ အသိပညာအခြေပြုတဲ့ ခေတ်ဖြစ်သလို နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အသိပညာကြွယ်ဝတဲ့ လူသားအရင်းအမြစ်များရဲ့ အခန်း ကဏ္ဍဟာလည်း အဓိကကျပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန် တဲ့၊ အားကောင်းတဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။
အမျိုးသမီးအများစုဟာ သားသမီးများရဲ့ မိခင်များဖြစ်ကြသလို ကျောင်းသား ကျောင်းသူများရဲ့ လက်ဦးဆရာများလည်း ဖြစ်ကြတဲ့ အတွက် နိုင်ငံရဲ့ အနာဂတ်လူငယ်များ ပြုစုပျိုးထောင်ရေးမှာ အလွန် အရေးပါသူများ၊ အဓိကကျသူများ ဖြစ်ကြပါတယ်။ ဒီလိုအဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေကို ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ကဏ္ဍစုံမှာ အမျိုးသမီးများနဲ့ မိန်းကလေးငယ်တို့ရဲ့ စွမ်းရည်ကို အသုံးချနိုင်ဖို့နဲ့ ယခုနှစ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ “ကျားမတန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့” ဆောင်ပုဒ်နဲ့အညီ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်တစ်ခုရရှိဖို့ တီထွင် ဆန်းသစ်တဲ့ နည်းပညာများနဲ့အတူ အမျိုးသမီးများအားလုံးအနေဖြင့် အမျိုးသားများနှင့်တန်းတူ အကျုံးဝင်ပါဝင်ခွင့်ရရှိရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။