
ပေါက်တော မတ် ၇
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး လုပ်ငန်းကို အထောက်အကူဖြစ်စေရန် သဘာဝမပျက် သီးနှံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့မတောင်သူပညာပေးစခန်း၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သန်းဌေးက သဘာဝမပျက် သီးနှံစိုက်ပျိုးထုတ်လုပ် နည်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး စစ်တွေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ပိုးမွှား တာဝန်ခံ ဦးစီးအရာရှိ ဒေါ်နီနီဝင်းနှင့် ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အဝိုင်းချေတို့က သက်ဆိုင်ရာ သဘာရပ်အလိုက် ပို့ချဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် သဘာဝမြေဩဇာပြုလုပ်ခြင်း၊Super EM ဆိုကာရှိပြုလုပ်သုံးစွဲ နည်းကို လက်တွေ့သင်ကြား ပို့ချဆွေးနွေးကြသည်။ အဆိုပါ သင်တန်းသို့ ပေါက်တောမြို့နယ်အတွင်းရှိ စိုင်းတုတ်ကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ တောင်ညိုကျေးရွာများမှ ဒေသခံ တောင်သူ ၅၀ နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)