
နေပြည်တော် မတ် ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၏ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ် (၃) တည်ဆောက်ရေးမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ရဲရွာ ရေအား လျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှုရပ်မှနေ၍ ပင်မတမံ မြေကြီး / ကျောက်သား တူးဖော်ခြင်းနှင့် ခိုင်ခံ့မှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှု အခြေအနေ၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စီမံကိန်း ရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် တည်ဆောက် ရေးညွှန်ကြားရေးမှူး ဦးနေလင်းတို့က စီမံကိန်း ဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း၏ အဓိက လုပ်ငန်းကြီးများဖြစ်သည့် ရေလွှဲဥမင်လိုဏ်လုပ်ငန်း၊ မြစ်ရေ လွှဲခြင်းလုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲ လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ ရေသွယ် ဥမင်လိုဏ်လုပ်ငန်း၊ ဖိအားမြင့်သံမဏိပိုက်လိုင်း လုပ်ငန်းနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များနှင့်ပတ်သက်၍လည်းကောင်း၊ ကုမ္ပဏီတာဝန် ရှိသူက ပင်မတမံလုပ်ငန်းတွင် RCC ကွန်ကရစ် ဖျော်စပ်၊ သယ်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပင်မတမံ ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်းများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် စတင်စမ်းသပ် ဓာတ်အားထုတ်လုပ်နိုင်ရေး အလေး အနက်ထား၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စီမံကိန်း ပင်မတမံလုပ်ငန်းခွင်တွင် RCC ကွန်ကရစ် သွန်းလောင်းရန် လိုအပ်သော စက်/ယာဉ်/ယန္တရား၊ စက်ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေနှင့် RCC ပင်မတမံအတွက် အကြို တည်ဆောက်မှု လုပ်ငန်းများဖြစ်သည့် အောက်ခံ ကွန်ကရစ်လုပ်ငန်း သွန်းလောင်းပြီးစီးမှုနှင့် တမံ အုတ်မြစ်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများ၊ ရေယူအဆောက်အအုံ ကွန်ကရစ် သွန်းလောင်းနေမှု အခြေအနေနှင့် ရေသွယ်ဥမင်လိုဏ် ၏ Transition Zone ကွန်ကရစ်လုပ်ငန်းများ ဆောင် ရွက်ပြီးစီးနေမှု အခြေအနေ၊ ဓာတ်အားပေးစက်ရုံ၏ မြေကြီး/ကျောက်သား တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရေသွယ်ဥမင်လိုဏ် နှစ်လုံးတို့၏ လိုင်နင်ကွန်ကရစ် သွန်းလောင်းပြီးစီးမှု အခြေအနေ၊ သိုလှောင်ရုံဝင်းအတွင်း စက်ပစ္စည်းများ ရောက်ရှိ နေရာချထားမှု၊ ထိန်းသိမ်းထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ရေလှောင်တမံ တည်ဆောက်ပြီး ၇၀ မဂ္ဂါဝပ်ရှိ ဒေါင်လိုက်ဖရန်စစ် တာဘိုင်အမျိုးအစား ဓာတ်အားပေး စက် လေးလုံး ဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၂၈၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၀၉ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားကွန်ရက် စနစ်မှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးသို့ လျှပ်စစ် ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်သည်။
တည်ဆောက်မည့် ပင်မတမံ အမျိုးအစားမှာ RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာ နိုင်ငံတွင် တတိယမြောက် တည်ဆောက်မည့် RCC ကွန်ကရစ်တမံဖြစ်သည်။ ယခုအခါ စီမံကိန်းတစ်ခု လုံး၏ ၅၃ ဒသမ ၂၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ပိုင်းတွင် လားရှိုးမြို့ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်နယ်/ခရိုင်/ မြို့နယ်လျှပ်စစ် အင်ဂျင် နီယာများ၊ မြို့လျှပ်စစ်မှူးများ၊ မဟာဓာတ်အား လိုင်းမှူး၊ ဓာတ်အားခွဲရုံမှူးနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်