
မြင်းမူ မတ် ၄
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံကြက်သွန်နီ စိုက်ပျိုးရောင်းချသူ တောင်သူများအနေဖြင့် ယခုနှစ်တွင် ကြက်သွန်နီဈေးကောင်းမွန်သည့် အတွက် အဆင်ပြေလျက်ရှိကြောင်း နွေကြက်သွန်အများအပြား ဆက်လက်စိုက်ပျိုးထားကြောင်း သိရသည်။
ကြက်သွန်စိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၁၀ သိန်းကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီးလေးလအကြာတွင် တူးဖော်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ကြက်သွန်ပိဿာချိန် ၅၀၀၀ အထိ ရရှိနိုင်ကြောင်း၊ ကြက်သွန်နီစတင်ထွက်ရှိချိန်တွင် တစ်ပိဿာလျှင် ကျပ် ၆၀၀ ဝန်းကျင်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ဈေးကျသွားခြင်းမရှိဘဲ လက်ရှိဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ အထိရရှိနေကြောင်း၊ ထီးဆောင်းကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးလုပ်ကိုင်သူ ဦးဇော်လင်းဌေး က ပြောသည်။
မြင်းမူမြို့နယ်အတွင်းရှိ ထီးဆောင်းကျေးရွာ၊ ခြေယာတော်ကျေးရွာ၊ ကျော့မင်းကျေးရွာအလ္လကပ္ပကျေးရွာနှင့် ပဲကူကျေးရွာတို့မှာနှစ်စဉ် ကြက်သွန်နီကို အဓိကထားကာ စီးပွားဖြစ်စိုက်ပျိုးကြပြီး ဈေးကွက် တင်ပို့သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)