
ဘားအံ မတ် ၄
ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွှေတော-ကော့သံခါ ကုန်ထုတ်လမ်းသစ်ကို (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် မတ် ၂ ရက်က ရွှေတောကျေးရွာရှိ အဆိုပါကုန်ထုတ် လမ်းသစ်မုခ်ဦး၌ ဖွင့်လှစ်သည်။
လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ပြည်နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က ကုန်ထုတ်လမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ရွှေတောပိုးကရင် နှစ်ခြင်း ခရစ်ယာန်အသင်းတော်အား ငွေကျပ် သုံးသိန်းထောက်ပံ့ပေးအပ်ပြီး ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ကုန်ထုတ် လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အဆိုပါ ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းတွင် ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။ ရွှေတော-ကော့သံခါ ကုန်ထုတ်လမ်းသစ် သည် စိုက်ဧက ၃၈၀ ကိုအကျိုးပြုမည် ဖြစ်ပြီး အရှည်တစ်မိုင် လေးဖာလုံ၊ အကျယ် ၁၆ ပေရှိကာ အရှည်ပေ ၃၀၊ အကျယ် ၁၄ ပေ၊ အမြင့် ရှစ်ပေရှိ ကုန်ထုတ်ကွန်ကရစ် တံတားတစ်စင်း ပါဝင်ပြီး ပြည်နယ်ရန်ပုံငွေကျပ် ၁၂၃ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)