
နေပြည်တော် မတ် ၄
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (National Integrated Coastal Management Programme– ICM) အပြီးသတ်ရေးသားခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မတ် ၃ ရက်က နေပြည်တော်ရှိ KMA ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံက နိုင်ငံတော်အနေဖြင့် သဘာဝသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပင်လယ်ကမ်းရိုး တန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှု လုပ်ငန်းများ၊ ကမ်းရိုးတန်းဒေသထွက်ကုန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ပံ့ပိုးပေးနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်း ဒေသ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက် ပေးနိုင်ရန်အတွက် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုး တန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီကို ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအား အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်း ကော်မတီ၊ ပင်လယ်ကမ်းရိုးတန်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကော်မတီများနှင့် ခရိုင်အဆင့် ကော်မတီများဖွဲ့စည်းပြီး ထိရောက်စွာ စီမံအုပ်ချုပ် လျက်ရှိကြောင်း၊
ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် (၁၀) ရပ် အနက် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (ICM)တစ်ရပ်ရေးဆွဲချမှတ်ရန်အတွက် သစ်တောဦးစီးဌာန အနေဖြင့် ဒိန်းမတ်နိုင်ငံသံရုံးနှင့် ပူးပေါင်း၍ ICM မိတ်ဆက်ပွဲများ၊ ICM ဆိုင်ရာသင်တန်းများ၊ ICM ဆိုင်ရာ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခဲ့ ကြောင်း၊ ICM အစီအစဉ်(မူကြမ်း)ကို “နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင် များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီ အတွင်းရေးမှူးများထံတင်ပြပြီး အကြံပြုချက်များ ရယူခဲ့ရာ အကြံပြုချက် ၃၃ စောင်ရရှိခဲ့ကြောင်း၊ IUCN အဖွဲ့မှ ကော်မတီအဖွဲ့ဝင်များ ပေးပို့လာသည့် အကြံပြုချက်များနှင့်အညီ မူကြမ်းကို ပြန်လည် ပြင်ဆင်ပြီး အပြီးသတ်မူကြမ်း တင်ပြနိုင်ခဲ့သော်လည်း အချို့ဆက်စပ်ဌာနများ၏ အကြံပြုချက်များ သည် ပြင်ဆင်ရေးသားရန် လိုအပ်သည့်အတွက် ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ် ထားကြောင်း၊
ICM အစီအစဉ် အတည်ပြုရေး ဆောင်ရွက်နိုင် မည့် နည်းလမ်း(၄)သွယ်ကို ဖော်ထုတ်ထားရှိပြီး မြန်မာနိုင်ငံနှင့် အကိုက်ညီဆုံးဖြစ်မည့် အတည်ပြုရေး နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ICM အစီအစဉ်ကို အတည်ပြုရန်အတွက် အကြံပြုလိုသည့် နည်းလမ်းများရှိပါက တက်ရောက်လာသူများက အကြံပြုပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ IUCN အဖွဲ့၏ မဲခေါင်ဒေသနိုင်ငံများ ဆိုင်ရာ တာဝန်ခံ Mr.Jake Brunner က အွန်လိုင်း ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီဝင် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ် များ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ စီမံအုပ်ချုပ်မှုကော်မတီဝင်များ၊ IUCN အဖွဲ့မှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာန မှ ပညာရှင်များ တက်ရောက်ကြပြီး တနင်္သာရီ၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်မှုကော်မတီဝင်များက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်