အာဆီယံ - တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက်စေရေးတွင် ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံမှ ပံ့ပိုးဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အမေးအဖြေကဏ္ဍ

 

မေး -        အာဆီယံရဲ့ Dialogue Partnership  အကြောင်းနဲ့  မြန်မာ        နိုင်ငံမှ အာဆီယံ  Dialogue Partnership အခန်းကဏ္ဍမှာ မည်ကဲ့သို့ ပါဝင်ဆောင်ရွက်နေတဲ့အကြောင်း ကနဦးအနေနဲ့ မိတ်ဆက် ပြောပြစေလိုပါတယ်။
ဖြေ    -    အာဆီယံပဋိညာဉ်စာတမ်းရဲ့ အပိုဒ်(၄၁)အရ အာဆီယံဟာ         ပြင်ပနိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများနှင့်  ချစ်ကြည်ရင်းနှီးတဲ့  ဆက်ဆံရေးထားရှိပြီး အပြန် အလှန်အကျိုးစီးပွားအတွက် မိတ်ဖက်ဆက်ဆံရေးထူထောင်ထားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံနဲ့ မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံများအနေနဲ့လည်း အာဆီယံပဋိညာဉ်စာတမ်း ရဲ့ အခြေခံမူများကို လိုက်နာရမှာ ဖြစ်ပါတယ်။ 

 


အာဆီယံနဲ့     ဆွေးနွေးဖက်ဆက်ဆံရေး   ထူထောင်ထားတဲ့ (၁၁)နိုင်ငံက ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အာဆီယံနဲ့ ကဏ္ဍ အလိုက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ထားတဲ့(၆)နိုင်ငံက ဘရာဇီးလ်၊ နော်ဝေး၊  ပါကစ္စတန်၊  ဆွစ်ဇာလန်၊ တူကီယဲ၊  အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံတို့ ဖြစ်ကြပြီး အာဆီယံနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးထူထောင်ထားတဲ့(၄)နိုင်ငံတွေက ချီလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီတို့ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ အာဆီယံအပေါင်းသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့   အာဆီယံဒေသဆိုင်ရာဖိုရမ်တို့ပဲ  ဖြစ်ကြ ပါတယ်။ 

 


အာဆီယံနဲ့ ပြင်ပဆက်ဆံရေးမှာ ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုများမှာ အာဆီယံသည် အဓိကဦးဆောင်သူဖြစ်ပြီး အာဆီယံအဓိက ကျမှုကို ထိန်းသိမ်းထားပါတယ်။ စည်းလုံးညီညွတ်မှုကို အခြေခံပြီး တူညီဆန္ဒရရှိရေး   ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ အာဆီယံဆွေးနွေးဘက်နိုင်ငံများနဲ့ ဆက်ဆံရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ညှိနှိုင်းရေးမှူးနိုင်ငံအဖြစ် အလှည့်ကျတာဝန်ယူ ဆောင်ရွက်ရပါတယ်။ ညှိနှိုင်းရေးမှူးနိုင်ငံဟာ အာဆီယံရဲ့ အခြေခံမူ များနဲ့အညီ အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး ဆက်ဆံရေး မြှင့်တင်နိုင်ဖို့  အာဆီယံကိုကိုယ်စားပြု ညှိနှိုင်းဆောင်ရွက်ပေးရပါ တယ်။ အာဆီယံနဲ့ ပြင်ပမိတ်ဖက်နိုင်ငံများနဲ့ ပြုလုပ်တဲ့အစည်းအဝေး များမှာ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးရပါတယ်။ 
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်တာကာလအတွက် ဖိလစ်ပိုင်နိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ပြီး အာဆီယံ-တရုတ် ဆွေးနွေး ဖက်ဆက်ဆံရေးတိုးတက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။ 

 


မေး    -    မြန်မာနိုင်ငံမှ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့ တရုတ်        နိုင်ငံရဲ့      ညှိနှိုင်းရေးမှူးနိုင်ငံအနေနဲ့    အဓိကတာဝန်ယူ ဆောင်ရွက်ပေးခဲ့ရတဲ့ အတွေ့အကြုံများကို သိရှိလိုပါတယ်။
ဖြေ    -    ၁၉၉၁ ခုနှစ် အာဆီယံ-တရုတ်ဆက်ဆံရေးစတင်ချိန်မှစလို့         အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးဟာ အာဆီယံရဲ့ အတက်ကြွဆုံးနဲ့ အနှစ်သာရအရှိဆုံး ဆွေးနွေးဖက်ဆက်ဆံရေးများ အနက်တစ်ခု ဖြစ်ပါတယ်။ အာဆီယံအသိုက်အဝန်း မဏ္ဍိုင်(၃)ရပ် လုံးမှာ ပြည့်စုံကျယ်ပြန့်တဲ့ယန္တရားများ တည်ထောင်ခဲ့ပြီး ဆယ်စုနှစ် (၃)ခုအတွင်း ချစ်ကြည်ရင်းနှီးမှုရှိပြီး ခိုင်မာနက်ရှိုင်းကာ အပြန်အလှန် အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့အပြင် ဒေသတွင်း အေးချမ်းတည်ငြိမ် သာယာဝပြောရေးကို အထောက်အပံ့ဖြစ်စေတာမို့ အာဆီယံ-တရုတ် ဆက်ဆံရေးဟာ အာဆီယံအတွက်  အရေးကြီးတဲ့  ဆွေးနွေးဖက် ဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုဟာ ကဏ္ဍစုံ ပြည့်စုံကျယ်ပြန့်တာမို့ ညှိနှိုင်းရေးမှူးနိုင်ငံရဲ့ တာဝန်ဟာ များပြားလှ ပါတယ်။ 

 


အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ အဓိကမဏ္ဍိုင်(၂)ရပ် ကတော့ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာကျတဲ့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)နဲ့ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်(DOC)အကောင်အထည်ဖော် ရေးလုပ်ငန်းအစီအစဉ်တို့ဖြစ်ပြီး ၎င်းတို့ဟာ အာဆီယံ-တရုတ် ဆက်ဆံရေးအတွက် လမ်းပြမြေပုံပဲဖြစ်ပါတယ်။ ဦးစွာ လုပ်ငန်းစီမံ ချက်နဲ့ပတ်သက်ပြီး ရှင်းပြလိုပါတယ်။ DOC Work Plan ကို သီးခြား ရှင်းပြပါမယ်။ လုပ်ငန်းစီမံချက်ဟာ အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃)ရပ်ဖြစ်တဲ့ နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု စတဲ့ကဏ္ဍအားလုံးပါဝင်ပြီး ပြည့်စုံကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေဖြစ်တာမို့   သက်ဆိုင်ရာ  ကဏ္ဍအလိုက် (Sectoral bodies)  အသီးသီးက   အကောင်အထည်ဖော်   ဆောင်ရွက်လျက် ရှိကြပါတယ်။    ညှိနှိုင်းရေးမှူးနိုင်ငံအနေနဲ့   အဆိုပါလုပ်ငန်းစီမံချက်ရဲ့  တိုးတက်မှုအစီရင်ခံစာကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ညှိနှိုင်း ပြုစုပြီး နှစ်စဉ် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးသို့ တင်ပြရ ပါတယ်။ 

 


အာဆီယံ - တရုတ်  မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံရေး (၁၅)နှစ်မြောက်    နှစ်ပတ်လည်အထိမ်းအမှတ်မှာ   ထုတ်ပြန်ခဲ့တဲ့ အာဆီယံ - တရုတ် မဟာဗျူဟာကျတဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက်စာတမ်း (၂၀၃၀)နဲ့ အာဆီယံ - တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၃၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အထူးထိပ်သီး အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံ - တရုတ် ပူးတွဲကြေညာချက် တို့ဟာလည်း အာဆီယံ-တရုတ်ဆက်ဆံရေးရဲ့ အရေးကြီးတဲ့ နိုင်ငံရေး စာတမ်းများဖြစ်ပြီး အနာဂတ်လုပ်ငန်းစဉ်တွေဖြစ်တာမို့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းရေးမှူးနိုင်ငံက ဦးဆောင်ဦးရွက်ပြု ကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရပါတယ်။ 

 


နှစ်အလိုက်  ဦးစားပေးလုပ်ငန်းစဉ်များ  ချမှတ်ဆောင်ရွက်ရာ မှာလည်း မြန်မာနိုင်ငံအနေနဲ့ ဆွေးနွေးဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့  အဆိုပြုချက်တွေကို     အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ   ဆက်လက် အကြောင်းကြားပြီး အဖွဲ့ဝင်နိုင်ငံများရဲ့ တူညီဆန္ဒနဲ့အညီ တရုတ် ဘက်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရပါတယ်။ ထိုနည်းတူစွာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့ ဘုံစိတ်ဝင်စားမှုရှိတဲ့ ကဏ္ဍများမှာ ပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်ဖို့   တရုတ်ဘက်နဲ့  ညှိနှိုင်းပေးရပါတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ အာဆီယံက အဓိကမောင်းနှင်စွမ်းအား ဖြစ်ဖို့နဲ့ ဒေသတွင်း ဗိသုကာ တည်ဆောက်မှုပုံစံကို ထိန်းသိမ်းရာမှာ အာဆီယံအဓိကကျမှုကို ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။ 

 


နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး မှာ ရလဒ်ကောင်းများရရှိဖို့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲကို  နှစ်စဉ်  ဧပြီလ သို့မဟုတ် မေလမှာ ကျင်းပလေ့ရှိပြီး  မြန်မာနိုင်ငံ၊  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ်   ဆောင်ရွက်ရပါတယ်။   အစည်းအဝေးကျင်းပရေးအတွက် နေရာ၊ နေ့ရက်၊ ဆွေးနွေးမယ့်ဘာသာရပ်အစီအစဉ်တို့ကိုလည်း ညှိနှိုင်း ရေးမှူးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ အာဆီယံအကြား ညှိနှိုင်းသဘောတူညီမှုရရှိဖို့ ဆောင်ရွက်ပေးရပါတယ်။ 

 


အဲဒီလိုညှိနှိုင်းဆောင်ရွက်ပေးရာမှာ မူဝါဒချမှတ် ဆောင်ရွက်ရတဲ့ ကိစ္စတွေနဲ့ ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန် မယ့် ပူးတွဲကြေညာချက်အတွက် သဘောတရားစာတမ်းတွေ ညှိနှိုင်း ရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနက အာဆီယံ နဲ့   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက    တာဝန်ရှိသူတွေအကြား  ဦးစွာညှိနှိုင်းသဘောတူညီမှု ရယူပါတယ်။ သဘောတရားစာတမ်း ဆိုတာကတော့ ပူးတွဲကြေညာချက်ထုတ်ပြန်ရတဲ့ နောက်ခံအကြောင်း တရား၊ ရည်ရွယ်ချက်၊ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြမယ့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို  ဖော်ပြထားတဲ့စာတမ်း  ဖြစ်ပါ တယ်။ အဲဒီသဘောတရားစာတမ်းအပေါ် မူအားဖြင့် သဘောတူညီမှု ရရှိပြီးတဲ့နောက် ပူးတွဲကြေညာချက်မူကြမ်းရဲ့ စာသားတွေကို ဆက်လက် ညှိနှိုင်းရာမှာတော့ ဂျကာတာမှာရှိတဲ့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ဦးဆောင်ပြီး အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နဲ့ တရုတ်အဖွဲ့ရုံးတို့အကြား ဆက်လက် ညှိနှိုင်းကြတာဖြစ်ပါတယ်။ သိမ်မွေ့နက်နဲတဲ့ အချို့ကိစ္စရပ်တွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်မှာ နိုင်ငံများလိုက်နာရမယ့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက်(DOC) အကောင်အထည်ဖော်ရေးနဲ့ပတ်သက်တဲ့ ပူးတွဲကြေညာချက်ကို ညှိနှိုင်းရာမှာတော့ ကြေညာချက်ရဲ့ မူဘောင် ( Structure of Joint Statement)ကို Head Quarter က ညှိနှိုင်းပြီး ကျန်အပိုင်းကို CPR မှာ ညှိနှိုင်းကြတာပဲ ဖြစ်ပါတယ်။ 

 


အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးရဲ့ ထူးခြားချက်မှာ နှစ်အလိုက် ပူးပေါင်းဆောင်ရွက်ရေးနှစ်များ သတ်မှတ်လေ့ရှိတာ ဖြစ်ပါတယ်။ ယခင်နှစ် ၂၀၂၂ ခုနှစ်ကို အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုနှစ် ၂၀၂၃ ခုနှစ်ကို တော့ အာဆီယံ-တရုတ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာ ဖူလုံရေးပူးပေါင်းဆောင်ရွက်မှုနှစ်အဖြစ်   သတ်မှတ်ထားပါတယ်။ လာမယ့်နှစ် ၂၀၂၄ ကိုတော့ အာဆီယံ-တရုတ် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှစ်အဖြစ် သတ်မှတ်ကာ ပြည်သူအချင်းချင်း ထိတွေ့ ဖလှယ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ 

 


မေး    -    မြန်မာနိုင်ငံဟာ    အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့   လိုက်ပါ        ဆောင်ရွက်နေသလို Dialogue Partnership ဘက်မှာလည်း 
ပြည့်ဝစွာလုပ်ဆောင်နေတယ်ဆိုတာ   ဘယ်လိုအချက်အလက်တွေ အရ သိသာ မြင်သာနိုင်ပါသလဲ။
ဖြေ    -    မြန်မာနိုင်ငံအနေနဲ့   အာဆီယံအဖွဲ့ကို   စတင်ဝင်ရောက်တဲ့         ၁၉၉၇ ခုနှစ်မှစတင်ပြီး အာဆီယံပဋိညာဉ်စာတမ်းကို လိုက်နာ လျက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားများကို မပျက်မကွက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူပြီး    အာဆီယံအဖွဲ့ကြီးနဲ့   မိမိတို့ဒေသ အသိုက်အဝန်းအတွက်  အကျိုးဖြစ်ထွန်းစေမယ့်   လုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်ခဲ့ပါတယ်။ 

 


အလားတူ မြန်မာနိုင်ငံက ညှိနှိုင်းရေးမှူးတာဝန်ယူချိန်ကစလို့ အာဆီယံ-တရုတ် ဆက်ဆံရေးမှာ ထင်ရှားတဲ့တိုးတက်မှုတွေရှိခဲ့ပြီး အာဆီယံဘက်စုံ ပြန်လည်ထူထောင်ရေးမူဘောင်ကို ပံ့ပိုးမှုဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲကြေညာချက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ    အာဆီယံ-တရုတ်   ပူးတွဲကြေညာချက်တို့ကို  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ (၂၄)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးမှာ ထုတ်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။ 

 


အာဆီယံ-တရုတ်  ဆက်ဆံရေးမှာ  သမိုင်းမှတ်တိုင်သစ်အဖြစ် ဘက်စုံမဟာဗျူဟာမြောက်  မိတ်ဖက်ဆက်ဆံရေးအဖြစ်   အဆင့် မြှင့်တင်ဖို့  မြန်မာနိုင်ငံက အာဆီယံနဲ့ တရုတ်အကြား ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပတဲ့ အာဆီယံ-တရုတ်  ဆက်ဆံရေး  နှစ်(၃၀)ပြည့်  နှစ်ပတ်လည်အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေးမှာ  အာဆီယံ-တရုတ်  ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ထူထောင် ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံ ရဲ့ ဦးဆောင်ညှိနှိုင်းမှုနဲ့ အာဆီယံ - တရုတ် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ၏ နောက်ဆက်တွဲကို ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လအတွင်းပြုလုပ်ခဲ့တဲ့ အာဆီယံ-တရုတ်    နိုင်ငံခြားရေးဝန်ကြီးများ   အစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

 


ဒါ့အပြင်   မြန်မာနိုင်ငံရဲ့  ဦးဆောင်ညှိနှိုင်းမှုနဲ့  တောင်တရုတ် ပင်လယ်မှာ    နိုင်ငံများလိုက်နာရမယ့်   လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း နှစ် (၂၀) ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပူးတွဲ ကြေညာချက်၊ အာဆီယံ - တရုတ် သာတူညီမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်နဲ့ အစားအစာဖူလုံရေးဆိုင်ရာ ပူးတွဲကြေညာချက်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက် အာဆီယံ - တရုတ် ထိပ်သီးအစည်း အဝေးမှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ 

 


တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်ကို ညှိနှိုင်းဆွေးနွေး မှုမှာလည်း   မြန်မာနိုင်ငံက  အာဆီယံ-တရုတ်  ပူးတွဲလုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆွေးနွေး ညှိနှိုင်းမှု (၅)ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ  တိုးတက်မှုများလည်း ရှိပါတယ်။ 
ယင်းသို့  မြန်မာနိုင်ငံအနေနဲ့  အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် တာဝန်များကို ဆောင်ရွက်နေသည့်ကြားမှာပဲ အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများဟာ မိမိတို့ပြည်တွင်းနိုင်ငံရေး အခြေအနေ ကို အသုံးချပြီး မြန်မာနိုင်ငံကို အခြားသော အာဆီယံနိုင်ငံများနဲ့ တန်းတူ မဟုတ်သည့် ဆက်ဆံရေးမျိုးကို ဆောင်ရွက်လျက်ရှိပါတယ်။ 
မြန်မာနိုင်ငံအနေနဲ့      အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများနှင့်    ထိပ်သီးအစည်းအဝေးများကို   အာဆီယံ ပဋိညာဉ်စာတမ်းနှင့်အညီ  တန်းတူရည်တူ  ဖိတ်ကြားခြင်းမခံရတဲ့ အတွက် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး များနဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ခဲ့ခြင်းမရှိသော်လည်း ယင်းအစည်းအဝေးများ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ရလဒ်ကောင်းများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေး ခဲ့သလို  အဆိုပါအစည်းအဝေးများအတွက်  Document  kit  ဖြန့်ဝေ ခြင်းအပါအဝင်    ယင်းအစည်းအဝေးများမှာ   အာဆီယံဥက္ကဋ္ဌက  ဖတ်ကြားတဲ့ ASEAN Common Statement ကိုလည်း တာဝန်သိ ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကပဲ ရေးသားပြုစု ညှိနှိုင်းဖြန့်ဝေ ပေးခဲ့ရပါတယ်။ 
ဒီအချက်တွေဟာ မြန်မာနိုင်ငံဟာ အာဆီယံ-တရုတ် ဆွေးနွေး ဖက်ဆက်ဆံရေးရဲ့ညှိနှိုင်းရေးမှူး နိုင်ငံတာဝန်ကို ပြည့်ဝစွာလုပ်ဆောင် နေတယ်ဆိုတာကို သိသာထင်ရှားစေပါတယ်။ 

 


မေး    -    အထက်မှာ   ဖြေကြားခဲ့ရာမှာ    မြန်မာနိုင်ငံအနေနဲ့  DOC         အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတယ်လို့   သိရပါတယ်။  နိုင်ငံတကာစိတ်ဝင်စားမှု မြင့်မားတဲ့    ဒီတောင်တရုတ်ပင်လယ်အရေးကိစ္စကို  အာဆီယံနဲ့ တရုတ်အကြား  ဘယ်လိုညှိနှိုင်းဆောင်ရွက်နေပြီး  တောင်တရုတ် ပင်လယ်ဆိုင်ရာကျင့်ထုံး  (COC)   ဆွေးနွေးမှုမှာ  တိုးတက်မှုတွေ ဘယ်လောက်အတိုင်းအတာအထိရနေပြီလဲဆိုတာ သိလိုပါတယ်။ 
ဖြေ    -    တောင်တရုတ်ပင်လယ်အပါအဝင်    ဒေသတွင်း   အေးချမ်း        တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ အာဆီယံနှင့် တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက်ကို ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဆိုပါ ကြေညာချက်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့က ပူးတွဲလက်မှတ်ရေးထိုးခဲ့တဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ပထမဆုံး နိုင်ငံရေးစာတမ်းတစ်ရပ် ဖြစ်တဲ့အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး တောင်တရုတ်ပင်လယ် အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်  နိုင်ငံရေးကတိကဝတ်  ဖြစ်ပါ တယ်။ 
မြန်မာနိုင်ငံဟာ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးရဲ့ ညှိနှိုင်းရေးမှူးဖြစ်တာမို့    တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမယ့်   လုပ်ထုံးလုပ်နည်းဆိုင်ရာ   ကြေညာချက် (DOC) အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်တွင်   တရုတ်နိုင်ငံနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ DOC အကောင်အထည် ဖော်ရေးမှာ အာဆီယံ-တရုတ်  ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး(JWG-DOC)နဲ့ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOM-DOC) ဆိုပြီး လုပ်ငန်းစဉ်များ ရှိပါတယ်။ အာဆီယံ - တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOM-DOC) မှာ တရုတ် နိုင်ငံနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ဆောင်ရွက်ပြီး  အာဆီယံ-တရုတ်  ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး(JWG-DOC)မှာ တရုတ်နိုင်ငံနဲ့အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမန်ဟောက်ထန်က ဆောင်ရွက်လျက်ရှိပါတယ်။ 

 


ကမ္ဘာ့ကပ်ရောဂါရဲ့ စိန်ခေါ်မှုများ ရှိခဲ့သော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများနဲ့ တရုတ်နိုင်ငံအနေဖြင့် DOC အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ်၊ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပါအဝင်     နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်၍  အနှစ်သာရပြည့်ဝတဲ့  တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်ရေးအတွက် တောင်တရုတ် ပင်လယ်ဆိုင်ရာကျင့်ထုံး(COC)ညှိနှိုင်းမှုကို   တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်စတင်ခြင်းမှတစ်ဆင့်   ထိရောက်၍  အနှစ်သာရပြည့်ဝတဲ့ COC အပြီးသတ်ရေးအတွက် အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံက ပူးတွဲဥက္ကဋ္ဌအဖြစ် လုပ်ငန်းအဖွဲ့အစည်း အဝေး (၅)ကြိမ်ကို ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများမှာ တိုးတက်မှုများ ရှိခဲ့ပါတယ်။ 

 


၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးအပြီး ဆွေးနွေးဖက်တရုတ်နိုင်ငံနဲ့ ကျင်းပ တဲ့   အစည်းအဝေးမှာ  အာဆီယံနှင့်  တရုတ်နိုင်ငံအနေဖြင့် COC ဆွေးနွေးညှိနှိုင်းမှုကို   အရှိန်မြှင့်တင်ရန်  ပြင်းပြတဲ့ ရည်မှန်းချက်ကို ထပ်လောင်းခိုင်မာစေပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (COC)ရဲ့ တစ်ခုတည်းသောညှိနှိုင်းစာသားကို ဒုတိယအကြိမ် ဆွေးနွေး ခြင်းကို ဆောလျင်စွာအပြီးသတ်ဖို့ မျှော်မှန်းခဲ့ကြပါတယ်။ ဆွေးနွေး မှုမှာ တောင်တရုတ်ပင်လယ်ဆိုင်ရာကျင့်ထုံးရဲ့ တစ်ခုတည်းသော ညှိနှိုင်းစာသား၏    အထွေထွေပြဋ္ဌာန်းချက်၊    အခြေခံတာဝန်ယူ ဆောင်ရွက်ရမယ့် ကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပါတယ်။ 

 


DOC အကောင်အထည်ဖော်ရေးနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး (COC)ညှိနှိုင်းမှုကို အရှိန်မြှင့်တင်ဖို့ နှစ်အလိုက် လုပ်ငန်း စီမံချက်ကိုလည်း မြန်မာနိုင်ငံက ပြုစုဖြန့်ဝေပေးခဲ့ပါတယ်။ လုပ်ငန်း စီမံချက်အောက်မှာ အဏ္ဏဝါသိပ္ပံသုတေသနဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲ၊ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် အဏ္ဏဝါသိပ္ပံသုတေသနသင်တန်း တို့ကို ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။  

 


၂၀၂၂ ခုနှစ်သည် တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများလိုက်နာ ရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) လက်မှတ် ရေးထိုးခြင်း နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခါသမယဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဦးဆောင်မှုနှင့် ကြိုးပမ်းမှုအောက်မှာ အာဆီယံနဲ့ တရုတ် နိုင်ငံအနေဖြင့်   DOC   နှစ်(၂၀)ပြည့်  နှစ်ပတ်လည်အထိမ်းအမှတ် ပူးတွဲကြေညာချက်ညှိနှိုင်းမှုမှာ   တူညီဆန္ဒရရှိခဲ့ပြီး   အဆိုပါပူးတွဲ ကြေညာချက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ (၂၅)ကြိမ်မြောက်   အာဆီယံ - တရုတ်  ထိပ်သီးအစည်းအဝေးမှာ အတည်ပြုနိုင်ခဲ့ပါတယ်။

 


DOC လက်မှတ်ရေးထိုးခြင်း နှစ်(၂၀)ပြည့် နှစ်ပတ်လည်အခါသမယ ကို ဆင်နွှဲတဲ့အနေနဲ့ DOC နှစ်(၂၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ပေကျင်းမြို့ မှာလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့မှာ လည်းကောင်း အွန်လိုင်းနဲ့   အော့ဖ်လိုင်း  ပုံစံ(၂)မျိုးဖြင့်  အောင်မြင်စွာ ကျင်းပခဲ့ရာ အဆိုပါ     အလုပ်ရုံဆွေးနွေးပွဲများမှာ      နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက် ထန်က Moderator အဖြစ် ဆောင်ရွက်ခြင်း၊ COC ဆွေးနွေးခြင်းအပိုင်း မှာ Speaker အဖြစ် ဆောင်ရွက်ခြင်းတို့ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိ သည့် ရလဒ်များဖြစ်စေမယ့် COC ဆွေးနွေးမှုလုပ်ငန်းစဉ်မှာ ရှေ့ဆက် သွားနိုင်မယ့် နည်းလမ်းများကို မျှဝေဆွေးနွေးခဲ့ကြပါတယ်။ 

 


၂၀၂၁ ခုနှစ်က အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ထိပ်သီးအထူးအစည်းအဝေးမှာ အာဆီယံ-တရုတ်  ဆွေးနွေးဖက်ဆက်ဆံရေးကို အာဆီယံ - တရုတ် ဘက်စုံမဟာဗျူဟာမြောက်   မိတ်ဖက်ဆက်ဆံရေး   (CSP)  အဖြစ် တည်ထောင်ပြီးဖြစ်ပါတယ်။ အာဆီယံ-တရုတ် ဆက်ဆံရေးရဲ့ ညှိနှိုင်း ရေးမှူးနဲ့ DOC အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ဖြစ်တဲ့ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးစတင်မှုမှတစ်ဆင့် အပြုသဘောဆောင် တဲ့ စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး COC ဆိုင်ရာ   ညှိနှိုင်းစာသားကို   ဒုတိယအကြိမ်  ညှိနှိုင်းဆွေးနွေးခြင်း (Second reading of the Single Draft Negotiating Text of the COC)မှာ တိုးတက်မှုများရရှိရေးအတွက်  ဆက်လက်ဆောင်ရွက်သွား ဖို့ရှိပါတယ်။ ယင်းသို့ဆောင်ရွက်ပေးရာမှာ အာဆီယံနဲ့ တရုတ်နိုင်ငံ နှစ်ဖက်စလုံးမှ လိုက်လျောညီထွေမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပေးအယူ မျှတမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေးသွားဖို့ရှိပါတယ်။ 

 


မေး    -    နောက်ဆုံးမေးခွန်းအနေနဲ့  အာဆီယံအဖွဲ့အတွက်  တရုတ်        နိုင်ငံရဲ့ အရေးပါမှုကို ဘယ်လိုသုံးသပ်နိုင်ပါသလဲ။ 
ဖြေ    -    တရုတ်ဟာ အာဆီယံရဲ့ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်သလို အာဆီယံဟာ တရုတ်အတွက် အရေးကြီးတဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးဟာ အာဆီယံရဲ့ အတက်ကြွဆုံးနဲ့ အနှစ်သာရအရှိဆုံး ဆွေးနွေးဖက်ဆက်ဆံရေးများအနက်    တစ်ခုဖြစ်ပြီး   အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံထဲမှာ   တရုတ်ဟာ  ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(CSP)ပထမဆုံး ထူထောင်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့ဟာ ၂၀၂၁ ခုနှစ်မှာ အာဆီယံရဲ့ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး  (CSP) နိုင်ငံများ ပထမဆုံးဖြစ်လာကြပြီးနောက်မှာ အခြားဆွေးနွေးဖက်နိုင်ငံများကလည်း အာဆီယံနဲ့ CSP ဆက်ဆံရေးထူထောင်ဖို့ အဆိုပြုလာကြခြင်း ဖြစ်ပါတယ်။ 

 


တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာဆီယံကို ဦးစားပေးနေရာ ထားရှိပြီး အိမ်နီးချင်းကောင်းဆက်ဆံရေး ထားရှိပါတယ်။ တရုတ်နိုင်ငံ ဟာ ၂၀၀၃ ခုနှစ်မှာ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (TAC)သို့ ပထမဆုံးဝင်ရောက်ခဲ့တဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်ပါတယ်။ အခုနှစ် ၂၀၂၃ မှာဆိုရင် တရုတ်နိုင်ငံက TAC သို့ ဝင်ရောက်ခဲ့တဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည်အခါသမယပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးသဘောတူစာချုပ်(TAC)သို့ တရုတ်နိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး ခဲ့ခြင်းဟာ TAC ကို ဒေသတွင်း နိုင်ငံများအကြားဆက်ဆံရေး(inter-state relations)အတွက် ကျင့်ထုံး(Code of Conduct)အဖြစ် TAC ရဲ့ အရေးပါမှုကို များစွာအထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ အလားတူ တရုတ်နိုင်ငံဟာ အရှေ့တောင်အာရှနျူကလီးယားကင်းမဲ့ဇုန် သဘောတူ စာချုပ်မှာ   ခြွင်းချက်မထားဘဲ  လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း ပထမဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

 


စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာလည်း အာဆီယံနဲ့ တရုတ် နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်ကစတင်လို့ အပြန်အလှန် အကြီးဆုံးကုန်သွယ် ဖက်နိုင်ငံတွေဖြစ်ကြပြီး ၂၀၂၁ ခုနှစ်မှာ  အာဆီယံနဲ့ တရုတ်အကြားကုန်သွယ်မှုတန်ဖိုးဟာ    အမေရိကန်ဒေါ်လာ   ၆၆၉  ဘီလီယံအထိ ရောက်ရှိခဲ့လို့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှ အာဆီယံကို စီးဆင်းတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံအထိ ရှိပါတယ်။ နှစ်ဖက်စီးပွားရေးအခွင့်အလမ်း များကို မြှင့်တင်ဖို့ အာဆီယံ-တရုတ် ကုန်စည်ပြပွဲကိုလည်း တရုတ် နိုင်ငံ နန်နင်းမြို့မှာ နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။ 

 


ဒါ့အပြင်   အာဆီယံနဲ့   တရုတ်အကြား  ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် နည်းလမ်းရှာဖွေဖို့၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍတို့မှာ အပြန်အလှန် ဖလှယ်ခြင်းဖြင့် နားလည်မှုနဲ့ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ဖို့အတွက်  အာဆီယံ-တရုတ်ဗဟိုဌာနကို ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ထားတဲ့အတွက် အာဆီယံနဲ့ တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများရရှိရုံသာမက အပြန်အလှန် နားလည်မှုရရှိခြင်းမှ ချစ်ကြည်ရင်းနှီးမှု တိုးတက်တည်ဆောက်နိုင်တဲ့ အကျိုးကျေးဇူးများ  ရရှိနေပါတယ်။  တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ ပထဝီအနေအထားအရ ထိစပ်လျက်ရှိနေတဲ့ အာဆီယံ အတွက် အကျိုးကျေးဇူးများစွာ ဖြစ်စေပါတယ်။

 


ယမန်နှစ်က (၂၅)ကြိမ်မြောက်  အာဆီယံ-တရုတ် ထိပ်သီးအစည်း အဝေးမှာ ထုတ်ပြန်ခဲ့တဲ့ အာဆီယံ-တရုတ် သာတူညီမျှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲကြေညာချက်မှာလည်း အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံသဘောထားအမြင် (AOIP) ရဲ့  ဦးစားပေးကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးထောက်ခံဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ 

 


ဒါ့အပြင် ထိလွယ်ရှလွယ်ရှိပြီး အလွန်သိမ်မွေ့တဲ့ တောင်တရုတ် ပင်လယ်အရေးကိစ္စနဲ့ ပတ်သက်ပြီးလည်း တောင်တရုတ်ပင်လယ်ကို အေးချမ်းတည်ငြိမ်သာယာဝပြောတဲ့ ပင်လယ်ပြင်အဖြစ် ထိန်းသိမ်း နိုင်ဖို့ DOC အကောင်အထည်ဖော်ရေးနဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ အပြီးသတ်နိုင်ရေးအတွက် အာဆီယံ အနေနဲ့     တရုတ်နိုင်ငံနဲ့   ဆက်လက်ပူပေါင်း   ဆောင်ရွက်လျက် ရှိပါတယ်။ 

 


ဒီလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှုကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အပြန်အလှန် အကျိုးစီးပွားအတွက် မျှဝေကာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြရတာမို့ တရုတ်နိုင်ငံဟာ အာဆီယံ အတွက် အရေးပါသလို အာဆီယံဟာလည်း တရုတ်အတွက် အရေးပါ တယ်လို့ မိမိအနေနဲ့ သုံးသပ်ရခြင်းဖြစ်ပါတယ်။      ။