
ရန်ကုန် မတ် ၂
မြန်မာနိုင်ငံ အခြေစိုက် Taipei Economic and Cultural Office မှ Director, Mr. Chen Po-Cheng နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၈ ရက်က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ လာရောက်၍ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့်တာဝန်ရှိသူများအား တွေ့ဆုံကာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ဆေးဝါးကဏ္ဍနှင့်ကျန်းမာရေး စောင့်ရှောက် မှုကဏ္ဍတို့၏ အလားအလာ၊ ပြည်တွင်း စားသောက်ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ၊ လျှပ်စစ်ပစ္စည်းများ၊ ထုပ်ပိုးမှု စက်ကိရိယာများ ကို မြန်မာနိုင်ငံဘက်မှ ဝယ်ယူမှုမြင့်မားလျက်ရှိခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်တိုးတက်စေရန်အတွက် အစီအစဉ်များ၊ CMP လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်မှုအခြေအနေ၊ ကုန်သည်/စက်မှုအသင်းချုပ်၏ အလုပ်ရှင်ရေးရာဝန်ဆောင်မှုဌာနမှ အလုပ်ရှင်၊ အလုပ်သမားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်မှု စသည့်ကိစ္စရပ်များကို ဆွေးနွေး ကြသည်။
မြန်မာနိုင်ငံတွင် တရုတ်(တိုင်ပေ)မှ စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ ထပ်မံလာရောက်မည်ဖြစ်ကြောင်း၊ Myanmar- Taiwanese Chamber of Commerce ဖွဲ့စည်းထားပါကြောင်းနှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ပါကြောင်း၊ ကုန်သွယ်မှုအခက်အခဲများကို ဖြေရှင်းပေးလျက် ရှိသည့် UMFCCI Help Desk ၏ ဆောင်ရွက်ပေးမှုများ ကောင်းမွန် ပါကြောင်း Taipei Economic and Cultural Office အဖွဲ့က ပြောကြား သည်။
မျိုးမင်းသူရ