ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Kum Khmer အားကစားနည်းနှင့် လှေလှော်အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   မတ်   ၂


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်     ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊  ဥပဒေချုပ် ဦးဌေးအောင်နှင့်  တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက် ၉ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ (၃၂) ကြိမ်မြောက်  အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ     Kum Khmer  အားကစားနည်းတွင် ပါဝင်ယှဉ်ပြိုင်မည့်  မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားသမားများ၏လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

 


ထိုသို့ကြည့်ရှုစဉ် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က အမျိုးသားများအနေဖြင့် ၅၁ ကီလိုတန်း၊  ၅၄ ကီလိုတန်း၊  ၅၇ ကီလိုတန်း၊ ၆၀ ကီလိုတန်း၊  ၆၃ ဒသမ ၅ ကီလိုတန်း၊ ၆၇ ကီလို တန်း၊ ၇၁ကီလိုတန်း၊ ၇၅ ကီလိုတန်း၊ ၈၁ ကီလိုတန်း များတွင်လည်းကောင်း၊ အမျိုးသမီးများအနေဖြင့် ၄၈ ကီလိုတန်း၊  ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်းများ တွင် ပါဝင်ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး အထူး ကြိုးစားဆောင်ရွက်နေမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး  ဆောင်ရွက်ထားမှုများကို  ရှင်းလင်းတင်ပြ သည်။

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌  အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ လေ့ကျင့်မှု များ အချည်းနှီးမဖြစ်စေရန်  ကျန်းမာရေးကို အထူး ဂရုစိုက်ရန် လိုအပ်ကြောင်းမှာကြားကာ  အမျိုးသမီး လေးထပ်အိပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင် သို့  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို မှာကြားသည်။

 


ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ် ၌ ကျင်းပသည့် အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်နှင့်    ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ မြားပစ်သင်တန်း (၁/၂၀၂၃) ဆင်းပွဲသို့ တက်ရောက် သည်။

 


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီးက  လူငယ်များအနေဖြင့် မိမိဝါသနာပါရာ အားကစားကို လေ့လာလိုက်စားခြင်းဖြင့်   အားကစားနည်းစနစ်ကို ကျွမ်းကျင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်အပြင်  လူနေ မှုဘဝအတွက်  အလေ့အထကောင်းများကို  ဖြစ်စေ သည့်အတွက်     မြားပစ်အားစားနည်းတစ်ခုတည်း မဟုတ်ဘဲ အခြားအားကစားနည်းများကိုပါ လေ့လာ လိုက်စားစေလိုကြောင်း၊ မြားပစ်အားကစားနည်းကို ယခုလို     ဖွင့်လှစ်ပေးနိုင်သည့်အတွက်    များစွာ ဝမ်းမြောက်မိပါကြောင်း၊    အခြားတက္ကသိုလ်များ လည်း ဖွင့်လှစ်စေလိုကြောင်း၊ မြားပစ်အားကစားနည်း သည် တစ်ဦးချင်းအလိုက်လည်းကောင်း၊ အဖွဲ့လိုက် လည်းကောင်း ယှဉ်ပြိုင်ရသည့်အပြင် စိတ်တည်ငြိမ် မှုရှိရပြီး    ပြိုင်ပွဲကွင်း၌   လေတိုက်မှုနှုန်းကိုလည်း မှန်းဆတွက်ချက်တတ်ရန်    လိုအပ်သည့်အတွက် အားကစားသမားတစ်ဦးချင်းစီ၏    ပင်ကိုအရည် အသွေး အရည်အချင်းပြည့်ဝနေလျှင် အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်      နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာကြည်ရွှင်က လာမည့် ဇူလိုင် လတွင် ယခုသင်တန်းမှ ထူးချွန်သူများကို အဆင့်မြင့် မြားပစ်သင်တန်းဖွင့်လှစ်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ ပါဝင် သည့် မြားပစ်သင်တန်းကိုလည်း  ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က သင်တန်းဆင်းအမှတ်တရ ၁၀ မီတာ မြားပစ် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့       ဥပဒေချုပ် ဦးဌေးအောင်က ၁၀ မီတာမြားပစ် အမျိုးသမီးပြိုင်ပွဲ တွင်   ဆုရရှိသူများကိုလည်းကောင်း   တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့် ပြီး     နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်  ဒေါက်တာကြည်ရွှင်က     သင်တန်းနည်းပြများကို  ဂုဏ်ပြုမှတ်တမ်းလွှာ၊     ချီးမြှင့်ငွေများကိုလည်း ကောင်း၊  ဒုတိယပါမောက္ခချုပ်က   သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း ပေးအပ်သည်။

 


ဆက်လက်၍ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် သင်တန်းသား သင်တန်းသူများ၏ သရုပ်ပြ မြားပစ်ခတ်မှုများကို  ကြည့်ရှုအားပေး၍   စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်