
မြန်မာ့တောင်သူ စိတ်ညီတူ
i အသက်သခင် ကျေးဇူးရှင်ဟု
သင်ငါလေးစား အသွေးသားမှ
အားထားရိုသေ မေတ္တာဝေသည့်
မြေကရွှေသီး တောင်သူကြီး။
i ကောက်ပဲသီးနှံ မိုးလေမှန်၍
စံတင်ထွက်တိုး ဝင်ငွေမိုးတို့
သွန်းဖြိုးဖြိုင်ဖြိုင် ပြည်လုံးလှိုင်ပြီး
ခိုင်ကျည်ပွားစီး တောင်သူကြီး။
i ယခုအခါ “စံပြရွာ”နှင့်
သာလွန်မြင့်ခေါင် “မြစိမ်းရောင်” ပြင်
ဆောင်ယူမနှေး “မီးလင်းရေး” တို့
ဖေးမပေါင်းစပ် “Cash For Work” ။
i တောင်သူအမြင့် ပြည်ဂုဏ်တင့်ဟု
ရင့်ကျက်ခိုင်မာ အတွေးလွှာကို
နာယူတည်ဆောက် တောထိရောက်ပြီ
ဖောက်လမ်းတံတား များမှများ ။
i စိုက်မွေးထုတ်ချေး အတိုးသေးကြောင့်
ဆေးချက်ပီပီ လှပန်းချီသို့
ရည်တူတက်လှမ်း တောနယ်ခန်းဟု
ဝမ်းမြောက်ရွှင်သာ ရောက်သောအခါ။
i မြန်ပြည်တစ်ဝှမ်း တောင်သူသန်းတို့
ကျန်းမာပကတိ ချမ်းသာရှိလျက်
သိဉာဏ်တိုးတက် တန်ခိုးထက်ကာ
မက်မောခုံမင် တောရပ်ခွင်ကို
သွင်ပြင်အပေါင်း ခုထက်ကောင်းအောင်
ပြောင်းကာစိုက်ထူ စိတ်ညီတူ။ ။
(တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုပါ၏။)
ညိုဝင်း(ချစ်မြေ)