
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဆီထွက်သီးနှံ နေကြာလျာထားဧကပြည့် အောင်မြင် စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးစေ့ဖူလုံရေးအစီအမံ များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်ကွင်းဆက်အားလုံး အချိတ်အဆက်မိမိဆောင်ရွက်ရန်လိုကြောင်း၊ မိဘမျိုးစေ့အပါအဝင် မျိုးသန့်မျိုးပွားခြင်းလုပ်ငန်းအဆင့်ဆင့်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းအထိ မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းကြမှသာ တစ်နိုင်ငံလုံး နေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက် အောင်မြင်မည်ဖြစ်ကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ထွဋ် က ပြောကြားသည်။
ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေ သနဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် စိုက်ပျိုးရေးသုတေသနညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က သုတေသန လုပ်ငန်းများ တိုးတက်ဆောင်ရွက်နေမှု၊ ဆီထွက် သီးနှံ နေကြာတိုးချဲ့စိုက်ပျိုးရေး မိဘလိုင်းများပွား များခြင်း၊ စပ်မျိုးနှင့် သဘာဝဝတ်မှုန်ကူးမျိုးများ ပွားများ၍ စိုက်ပျိုးဧကတိုးမြှင့်ရေး စိုက်ပျိုးရေးဦးစီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လည်း ကောင်း(ယာပုံ)၊ ညွှန်ကြားရေးမှူး ဒေါ်မြတ်နွယ်နွယ် က ဇေယျာသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်သူများ ပူးပေါင်းပါဝင်သော နေကြာမျိုးသန့်ပွားများရေး အစီအစဉ်ဆောင်ရွက် နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီးက ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး အတွက် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပြန့်ပွားရေး၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးနိုင်ရေးနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန် မျိုးလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် မျိုးအသစ်များ မွေးမြူ ထုတ်လုပ်ပေးရန် ၊ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သုတေသန ဌာနများ၏ မျိုးသန့်မျိုးပွားခြံများ ပူးပေါင်းဆောင်ရွက် ရန် နည်းလမ်းများနှင့် တောင်သူများပါဝင်သော နေကြာမျိုးသန့် ထိန်းသိမ်းရေးအစီအစဉ်များကို ဆွေးနွေးမှာကြားကြောင်း သိရသည်။
သတင်းစဉ်