
မိုင်းပန် ဖေဖော်ဝါရီ ၂၅
ဗုဒ္ဓမြတ်စွာသာသနာတော် အရှည် တည်တံ့ တိုးတက်ပါရစေခြင်း အကျိုးငှာ နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်မြဲဖြစ်သော (၅၈) ကြိမ် မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓဒမ္မပါလ စာပြန် ပွဲတော်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် မွေတော် ပရိယတ္တိ စာသင်တိုက်၌ ဖေဖော်ဝါရီ ၁၉ ရက်မှ စတင် ကျင်းပလျက် ရှိသည်။
အဆိုပါစာပြန်ပွဲတော် ကျင်းပ ရာတွင် စာပြန်ပွဲသို့ ဝင်ရောက် ဖြေဆိုတော်မူသော ကိုရင် သာမဏေ ၁၃၃ ပါးရှိပြီး စာပြန် ပွဲအောင်မြင်သော ကိုရင် သာမဏေများအား စာအောင်ဆု များအဖြစ် အေစတားအုပ်စု ငွေကျပ် ၃၅၀၀၀ ကိုလည်းကောင်း၊ အေအုပ်စု ငွေကျပ် ၃၀၀၀၀ ကို လည်းကောင်း၊ ဘီအုပ်စု ငွေကျပ် ၂၅၀၀၀ ကိုလည်းကောင်း ချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကိုရင်သာမဏေများနှင့် ပင့်သံဃာ အပါး ၇၀ ကျော်တို့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ စာအောင်ဆု များ လှူဒါန်းခြင်း စသောကုသိုလ် များပြုလုပ်ပြီး ပြည်တွင်း ပြည်ပ ဘွဲ့ရသံဃာတော် သုံးပါးအား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပကာ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှပေးဝေသွားမည် ဖြစ်သည်။
ထို့နောက် တရားဟောပွဲတော် များတွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ချုပ် ဒေါက်တာ အရှင်ဓမ္မသာမိက မွေတော်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ ညပိုင်းက တရားတော် များ ချီးမြှင့်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက် ည ၇ နာရီတွင် မွေတော်စာသင်တိုက်မှ အရှင် သုပညာနှင့် မိုင်းပန်ဗုဒ္ဓဂါယာ ကုန်းပင်းကျောင်းမှ အရှင်ကာလိန္ဒ တို့က တရားတော်များ ဆက်လက် ချီးမြှင့် ဟောကြားတော်မူ သွားမည်ဖြစ်ကြောင်း သိရ သည်။
နော်မှိုင်း(ပြန်/ဆက်)