အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများ၌ ဒီဇင်ဘာလအတွင်း ရှားပါးဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ

 

ရွှေမိုးညှင်း
 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်းရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ် ရေဝပ်ဒေသများတွင် ဒီဇင်ဘာလအတွင်း ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း ၅၄ မျိုး၊ အကောင်ရေ ၂၃၀၆၈ ကောင် စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
အင်းတော်ကြီးအိုင်သည် နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခို ငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များသည် ကျင်လည် ကျက်စားလျက်ရှိကြပြီး ၂၀၂၂ခုနှစ်    ဒီဇင်ဘာလအတွင်း  စာရင်း ကောက်ယူချက်အရ ဆောင်းခိုရေပျော်ငှက်မျိုးစိတ် ၃၄ မျိုး၊ အကောင် ရေ ၁၆၃၇၈ ကောင်နှင့် ဒေသရေပျော်ငှက်မျိုးစိတ် ၂၀ ၊  အကောင်ရေ ၆၆၉၀က  စုစုပေါင်းအကောင်ရေ ၂၃၀၆၈ ကောင်ကို တာဝန်ရှိသူများက စာရင်းကောက်လမ်းကြောင်းများအတိုင်း တစ်ရက်လျှင် အဖွဲ့နှစ်ဖွဲ့စီခွဲ၍ ယင်းအိုင်အတွင်းနှင့် ဆက်စပ်ချောင်းများတွင် စာရင်းကောက်ယူနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ငှက်မျိုးစိတ်များသည် ဒီဇင်ဘာလတွင်  တွေ့ရှိရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက   ဆောင်းခိုရေပျော်ငှက်မျိုးစိတ် တစ်မျိုးနှင့် အကောင်ရေ ၃၄၀၀ ကျော် လျော့နည်းလျက်ရှိကြောင်း၊ ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်း ကောက်လမ်းကြောင်းတစ်ခုဖြစ်သော    အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့်ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင်     အခက်အခဲများရှိနေခြင်းနှင့် ကိုင်းတောများ  ထူထပ်နေခြင်းတို့ကြောင့်  ငှက်မျိုးစိတ်များကို မြင်တွေ့ နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင် ခက်ခဲလှသဖြင့် ငှက်မျိုး စိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာတွင်     ယခင်နှစ်ထက် လျော့နည်းလျက်ရှိကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရ
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိ ရသည့် ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များမှာ ရေကြက်ဒုံ၊ ဘဲဖြူနက်၊ တောငန်း၊  ခရုစုတ်အနက်၊ ကြိုးကြာခေါင်းမည်း၊ စင်ရော်ခေါင်းညို၊ စင်ရော်ခေါင်းမည်း၊ ဘဲနီစပ်၊ ဘဲကျားလေး၊  ဘဲဟင်္သာနှင့် ပို့ချပ်ဘဲ စသည်တို့ တွေ့ရှိရပြီး     ရေပျော်ငှက်မျိုးစိတ်များ     စာရင်းကောက်ယူခြင်း ကို အင်းတော်ကြီးအိုင်၏   အရှေ့ဘက်လမ်းကြောင်းတွင် လည်းကောင်း၊ အနောက်ဘက်လမ်းကြောင်းတွင် လည်းကောင်း၊ အင်းတော်ချောင်း တစ်လျှောက်    ချောင်းဘေးဝဲ/ယာနှင့်    ဆက်စပ်ရေဝပ်ဒေသများရှိ    ကွင်းဆင်း     ဆောင်ရွက်လျက်ရှိရာ     ယခုလတွင်      ဆောင်းခိုရေပျော် ငှက်မျိုးစိတ်နှင့် ဒေသရေပျော် ငှက်မျိုးစိတ် ၅၄ မျိုး၊    အကောင်ရေ ၂၃၀၆၈ ကောင်ကို ကွင်းဆင်းစာရင်းကောက်ယူနိုင်ခဲ့ကြောင်း  သိရ သည်။
အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏   အလှဆုံးနှင့်  အကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်၍    အရှေ့တောင်အာရှတွင်    တတိယ အကြီးဆုံးအိုင်လည်းဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ် ၄၇မျိုး၊ ကုန်နေ ရေနေနှင့် တွားသွားသတ္တဝါမျိုးစိတ် ၉၁မျိုး၊ ငါးမျိုးစိတ် ၉၄ မျိုး၊ ရေပျော် ငှက်မျိုးစိတ် ၁၀၅ မျိုးနှင့် သစ်တောငှက်မျိုးစိတ် ၄၀၀  တို့ နေထိုင် ကျက်စားလျက်ရှိကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။ 
တော်ဝင်အင်းကြီးလည်းဖြစ်
အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများကို အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်းရှိ   အရေးကြီးရေဝပ်ဒေသ အဖြစ် ၂၀၁၄   ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် သတ်မှတ်ခဲ့ပြီး  ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link Asia – Wli Asia အဖြစ်လည်ကောင်း အသီးသီးသတ်မှတ် ခံခဲ့ရသော တော်ဝင်အင်းကြီးလည်းဖြစ်ကြောင်း သိရသည်။