နေပြည်တော် ဖေဖော်ဝါရီ ၂၁
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။
ယနေ့နံနက်ပိုင်းတွင် အခြေခံ သုတေသနစာတမ်း၊ အသုံးချ သုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ် သုတေသန စာတမ်း စုစုပေါင်း ၂၂ စောင်ကို စာတမ်းရှင်များက ဖတ်ကြား တင်သွင်းခဲ့ကြပြီး တက်ရောက် လာသူများက မေးမြန်းဆွေးနွေး အကြံပြုကြသည်။
ဒုတိယနေ့ နံနက်ပိုင်း သဘာပတိများအဖြစ် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစုစုဒွေး၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ဆေး တက္ကသိုလ်(၂) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ လှလှဝင်း၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ စန်းစန်းဌေးတို့က ဆောင်ရွက်ကြပြီး ဘာသာရပ် ဆိုင်ရာ ပညာရှင်များ၊ သုတေသီ များနှင့် စာတမ်းရှင်များ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာပြည် အတွက် အရေးပါသော ကျန်းမာ ရေးပြဿနာဖြစ်သည့် တီဘီ ရောဂါနှင့် အသည်းရောင် အသားဝါ ဘီရောဂါဆိုင်ရာသိကောင်းစရာများကို “မော်လီ ကျူး နည်းပညာ၏ လက်တွေ့ ဆေးပညာရပ်တွင် အရေးပါမှု- တီဘီရောဂါနှင့် အသည်းရောင် အသားဝါဘီတို့တွင် အဓိကထား ဆွေးနွေးခြင်း (Myanmar-Korea Joint Symposium (2023): Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B) ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် သဘာပတိများအဖြစ် ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ လှိုင်မြတ်သူနှင့် ကိုရီးယားသမ္မတနိုင်ငံ Pusan National University မှ ပါမောက္ခ Jae Hun Cheong တို့က ဆောင် ရွက်ခဲ့ကြပြီး ကိုရီးယားသမ္မတ နိုင်ငံ International Tubercu-losis Research Center မှ Chairman of the Board, Dr. Sun Dae Song က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ဆက်လက်၍ ကိုရီးယား သမ္မတနိုင်ငံ International Tuberculosis Research Centre မှ Section Head Dr. Jeong Seok Lee က ပိုင်ရာဇီနမိုက်တီဘီ ဆေးယဉ်ပါးခြင်းကို ထောက်လှမ်း ရှာဖွေခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ အမျိုးသားမှီငြမ်း ပြု တီဘီဓာတ်ခွဲဌာနမှ အထူးကု ဆရာဝန်ကြီး (အဏုဇီဝဗေဒ) ဒေါက်တာဝင့်ဝင့်ညွန့်က ဆေး ယဉ်ပါး တီဘီကုသမှုတွင် ဓာတ်ခွဲ ခန်း၏ အခန်းကဏ္ဍနှင့် လက်ရှိ ဆေးယဉ်ပါးတီဘီရောဂါ ရှာဖွေ ခြင်းအဆင့်ဆင့်ကို လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ Pusan National University မှ Prof. Jae Hun Cheong က အသည်းရောင် အသားဝါဘီပိုး၏ မျိုးဗီဇ ပြောင်းလဲမှုနှင့် အသည်းကင်ဆာ ဖြစ်ပွားခြင်းတို့ မော်လီကျူးဗေဒ ဆိုင်ရာ ဆက်စပ်မှုတို့ကိုလည်း ကောင်း၊ ဆေးသုတေသနဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဝါဝါအောင်က မျိုးဗီဇစိစစ်ခြင်း၏ ဆေးလက်တွေ့ နယ်ပယ်တွင် အသုံးဝင်မှု လက်ရှိတွေ့ရှိချက် များနှင့် ရှေ့ဆောင်ရွက်မည့် အစီအစဉ်တို့ကို လည်းကောင်း ဆွေးနွေးတင်ပြ အသိပညာဖလှယ် ခဲ့ကြပြီး တက်ရောက်လာကြ သော တီဘီရောဂါနှင့် အသည်း ရောင် အသားဝါရောဂါဘာသာရပ် ဆိုင်ရာ ပါမောက္ခများနှင့် သုတေသီ ပညာရှင်များက ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကြသည်။
ညီလာခံကို ဖေဖော်ဝါရီ၂၄ ရက် အထိ ငါးရက်တာကျင်းပမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်



