တာချီလိတ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်

 

တာချီလိတ်   ဖေဖော်ဝါရီ   ၁၈
ရှမ်းပြည်နယ်   (အရှေ့ပိုင်း) တာချီလိတ်မြို့၌   နွေရာသီအခြေခံ အားကစားသင်တန်းများကို မတ် ၃ ရက်မှ ၂၃ ရက်အထိ ဖွင့်လှစ်ပြီး အားကစားနည်း     ခုနစ်မျိုး    သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ    နွေရာသီ    အခြေခံအားကစားသင်တန်းတွင်  ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်၊ ကရာတေးဒို၊ စနူကာ၊ မြန်မာ့သိုင်း အားကစားနည်းများကို သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားဝါသနာပါသည့်   ကျောင်းသား   ကျောင်းသူများ  နွေရာသီ ကျောင်းပိတ်ရက်တွင် လာရောက်သင်ကြားစေနိုင်ရန်နှင့် အားကစား ဝါသနာရှင် ပြည်သူများအနေဖြင့်လည်း အသက်အရွယ် အပိုင်းအခြား မရွေး၊ အမျိုးသား အမျိုးသမီးမရွေး လာရောက် စာရင်းသွင်းသင်ကြား နိုင်ကြောင်း မြို့နယ်အားကစားမှူး ဦးသန်းလှိုင်ထံမှ သိရသည်။
စာရင်းပေးသွင်းရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့တက်ရောက်နေသော  အခြေခံပညာရေးကျောင်းများတွင် စာရင်း ပေးသွင်းနိုင်ပြီး အားကစားဝါသနာရှင် ပြည်သူများအနေဖြင့် မြို့နယ် အား/ကာရုံးသို့   ဆက်သွယ်စုံစမ်း  စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဘောလုံး၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း သင်တန်းကို မြို့မအားစားကွင်းတွင်လည်းကောင်း၊  စနူကာသင်တန်းကို စနူကာအားကစားခန်းမတွင်လည်းကောင်း၊   ကြက်တောင်အားကစားရုံ၌  ကြက်တောင်ရိုက်နည်းသင်တန်းနှင့်    ခရိုင်အားကစားရုံ၌   မြန်မာ့ သိုင်းကစားနည်းသင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။                  

ကျော်ဇေယျာလင်း (ပြန်/ဆက်)