ဒုတိယဝန်ကြီး ဦးအေးထွန်း နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ

 

မန္တလေး   ဖေဖော်ဝါရီ    ၁၈


သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး    ဦးအေးထွန်းနှင့်   တာဝန်ရှိသူများသည်  ယမန်နေ့က     နိုင်ငံတော်ပရိယတ္တိ    သာသနာ့ တက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး    ပါမောက္ခချုပ် ဆရာတော်   အဂ္ဂမဟာပဏ္ဍိတ     ဒေါက်တာ   ဘဒ္ဒန္တ ကေသရ အား ဖူးမြော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်  ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 


ယင်းနောက်   ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်အတွင်း  ပြုပြင်ထိန်းသိမ်းမည့်      စာသင်သား၊    သီတင်းသုံး အဆောင်များ၊     ဝန်ထမ်းအိမ်ရာ    လိုင်းခန်းများ၊  တက္ကသိုလ်ပိုင်   သာသနာ့မြေနေရာတို့ကို   ကြည့်ရှု  စစ်ဆေးပြီး သာသနာ့မြေများ  ဆုံးရှုံးလျော့နည်းမှု မရှိစေရန်    ထိန်းသိမ်းစောင့်ရှောက်ရေး   အလေး ထား    လိုက်နာဆောင်ရွက်သွားရန်     မှာကြားသည်။  ထို့နောက်    ဒုတိယဝန်ကြီးသည်    မန္တလေးတိုင်း ဒေသကြီး   သာသနာရေးမှူးရုံး၌  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်   သာသနာရေးမှူးရုံးတို့မှ   ဝန်ထမ်း များနှင့်တွေ့ဆုံ၍  ဝန်ထမ်းများအား ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ သာသနာရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်      မှာကြားပြီး     ဝန်ထမ်းများ၏  တင်ပြချက်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးကာ မန္တလေးတိုင်းဒေသကြီး/ ခရိုင်   သာသနာရေးမှူးရုံး များကို ကြည့်ရှုစစ်ဆေးသည်။

 


ယနေ့   နံနက်ပိုင်းတွင်   ဒုတိယဝန်ကြီးသည်  ပါမောက္ခချုပ်      ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရ   အမှူးပြုသော သင်ကြား စီမံဆရာတော်များ၊   စာသင်သား   သံဃာတော် များအား   အရုဏ်ဆွမ်း  ဆက်ကပ်လှူဒါန်းမှုတို့ကို ကြည်ညိုပြီး ဆွမ်းပဒေသာပင်ဝတ္ထုငွေများ  စိုက်ထူ  လှူဒါန်းသည်။ 

 


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ  မြို့    သာသနာ့ဝေပုလ္လ   ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌဆရာတော်  အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ ကောဝိဒနှင့် မိတ္ထီလာမြို့ တိုင်းဒေသကြီး သံဃနာယက  အဖွဲ့ဝင် ဘဒ္ဒန္တဇဝန၊  မိတ္ထီလာမြို့နယ်၊ သံဃနာယက အဖွဲ့   ဥက္ကဋ္ဌဆရာတော်   အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေသရ တို့ထံ သွားရောက် ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာ ဝိနိစ္ဆယ ရေးရာ၊  ပညာရေးရာကိစ္စများကို လျှောက်ထားပြီး မိတ္ထီလာခရိုင်သာသနာရေးမှူးရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍    လိုအပ်သည်များကို မှာကြားပြီး     ဝန်ထမ်းများ၏     တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်