မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၈


မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်သည်။

 


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ  ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီး၊  ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးအကြီးအကဲများ၊ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 


ဦးစွာ အခမ်းအနားကို မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့်  ဖွင့်လှစ်ပြီး  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ် က နှုတ်ခွန်းဆက်စကား ပြောကြားသည်။  

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး   စိုးဝင်းက   ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင်    မြန်မာနိုင်ငံနှင့်    ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ  သံတမန်ဆက်ဆံရေးကို   ၁၉၄၈   ခုနှစ် ဖေဖော်ဝါရီလ  ၁၈  ရက်တွင် ထူထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေးသည် ခိုင်မာသထက် ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့် ဆက်ဆံရေးအား တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့သည်ကို      တွေ့မြင်ရ ကြောင်း၊ ယင်းကာလတစ်လျှောက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ တွင် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည့်အပေါ် တွင်လည်း မိမိတို့အနေဖြင့် တန်ဖိုးထားပါကြောင်း။

 


မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကာလအစ ကောင်းမွန်သည့် ပြယုဂ်များအနေဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော စဝ်စံထွန်းဆေးရုံ၊ ၁၉၆၁ ခုနှစ်တွင်   ဖွင့်လှစ်နိုင်ခဲ့သည့်   ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန် အင်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီး ခဲ့သည့် ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံ အကြားဆက်ဆံရေး     ရေရှည်တည်တံ့ခိုင်မြဲမှုကို အမြဲတမ်း ပေါ်လွင်ထင်ဟပ်နေမည်ဖြစ်ပါကြောင်း။

 


သိသာထင်ရှားစွာ တိုးတက်


နှစ်နိုင်ငံ ဆက်ဆံရေး၏ အလယ်ကာလ ၁၉၈၀- ၁၉၉၀ ပတ်ဝန်းကျင်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ ၏ အနာဂတ်ကို ပိုင်စိုးကြမည့် မျိုးဆက်သစ် မြန်မာ နိုင်ငံသား လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ် ပညာများ   ပိုမိုတိုးတက်ပြည့်စုံစေရေးအတွက်နှင့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေးတို့ အတွက်    ရုရှားနိုင်ငံတွင်   ပညာတော်သင်များ စေလွှတ်သင်ယူခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   နိုင်ငံတော်၏ တာဝန်များကို  စတင်တာဝန်ယူချိန်တွင်   မြန်မာ-ရုရှား ဆက်ဆံရေးသည် သိသာထင်ရှားစွာ တိုးတက် လာသည်ကိုလည်း မိမိအနေဖြင့် ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲ အားထုတ်မှုများ ကြောင့် မြန်မာ  -  ရုရှား  နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်   ယနေ့အချိန်တွင် အမြင့်ဆုံးသို့   ရောက်ရှိနေပြီဟု  မိမိတို့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ကောင်းမွန်စွာ လည်ပတ်ဆောင် ရွက်လျက်ရှိသည့်   ပူးပေါင်းဆောင်ရွက်မှု  ယန္တရား များစွာသည်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအပေါ်တွင် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုဖြစ်ထွန်းစေခဲ့ပြီး နှစ်နိုင်ငံနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ချဲ့ထွင်နိုင်စေမည် ဟု ယုံကြည်ပါကြောင်း။

 


အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး


နှစ်နိုင်ငံအတွက်   အကျိုးစီးပွားရလဒ်ကောင်း များကို ထပ်လောင်းဖော်ဆောင်ပေးမည့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် အလားအလာသစ် များ ရှိဆဲဖြစ်သည်ဟုလည်း မိမိအနေဖြင့် ခိုင်မာစွာ ယုံကြည်ပါကြောင်း၊   ယင်းအလားအလာများကို အပြည့်အဝဖော်ထုတ်     အကောင်အထည်ဖော်ရန် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို   မကြာမီကာလ တွင်       ဖွင့်လှစ်နိုင်ရေးအတွက်   မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံတွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများကို    ပိုမိုမြင့်မားသည့်   အဆင့်တစ်ဆင့်သို့ ရောက်ရှိစေရေးအတွက် မိမိတို့၏ ပူးတွဲကြိုးပမ်းမှုများ ကို  သိသိသာသာ  အထောက်အကူဖြစ်စေမည်ဟု  ယုံကြည်ပါကြောင်း။

 


မိမိတို့အနေဖြင့်   နှစ်နိုင်ငံဆက်ဆံရေးကို  ပိုမို တောက်ပသည့် ကဏ္ဍသစ်တစ်ရပ်သို့ တက်လှမ်းနိုင် ရေး  ကြိုးပမ်းလျက်ရှိသည့်ကာလတွင် ယခု (၇၅)နှစ်မြောက် စိန်ရတုအခါသမယသည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား   တည်ရှိသည့် အထူးကောင်းမွန်သော         ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုဆင်နွှဲရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊      ယခုကဲ့သို့ မင်္ဂလာရှိသည့် ညချမ်းအချိန်အခါတွင် မိမိတို့အနေ ဖြင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး  (၇၅) နှစ်ပြည့် အထိမ်းအမှတ်ကို      အမှတ်ရရုံသာမက   နှစ်နိုင်ငံ ပြည်သူများ၏ အပြန်အလှန် အကျိုးစီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ    ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ   ပူးပေါင်းဆောင်ရွက်မှုများ  ဆက်လက် ချဲ့ထွင်ရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြု သည့် အခါသမယလည်းဖြစ်ပါကြောင်း၊ (၇၅)နှစ်တာ ခရီးကာလကို အောင်မြင်စွာ အတူတကွလျှောက်လှမ်း ခဲ့ကြသည့် မြန်မာ - ရုရှားအစိုးရများနှင့် ပြည်သူများ ကို ချီးကျူးဂုဏ်ပြုပါကြောင်း။

 


ထာဝရတည်တံ့ခိုင်မြဲစေရေး


မြန်မာနိုင်ငံနှင့်    ရုရှားနိုင်ငံ   ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု    ထာဝရတည်တံ့ခိုင်မြဲစေရေး အတွက်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရုရှားပြည်သူများ         ဆက်လက်ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရေးအတွက်       လည်းကောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာကြစေရေးအတွက်လည်းကောင်း   ဆုမွန် ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့်  မြန်မာနိုင်ငံ ဆိုင်ရာ   ရုရှားဖက်ဒရေးရှင်းသံအမတ်ကြီးတို့သည် မြန်မာ-ရုရှား  နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး  (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကိတ်ကို လှီးဖြတ် ပေးကြပြီး  အခမ်းအနားသို့  တက်ရောက်လာကြသူ များနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 


အတူတကွသုံးဆောင်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့်   မြန်မာနိုင်ငံ ဆိုင်ရာ   ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီးတို့သည် ရုရှားအကအဖွဲ့များ၏   ဖျော်ဖြေမှုများကို  ကြည့်ရှု အားပေးပြီး ဂုဏ်ပြုပန်းစည်းများပေးအပ်ကာ အခမ်း အနားသို့      တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြကြောင်း သိရသည်။               
    သတင်းစဉ်