
ဖနောင်ပင် ဖေဖော်ဝါရီ ၁၇
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာ အရ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံနိုင်ငံ များနှင့် ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ် လာ ၁၅ ဒသမ ၈၃၈ သန်း ရှိရာမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၅၃ ဘီလီယံအထိ ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံ၏ စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ ၅၂ ဒသမ ၄၂၅ ဘီလီယံတွင်မူ ၃၀ ဒသမ ၆၂ ရာခိုင်နှုန်းပါဝင်ကာ ၂၀၂၁ ခုနှစ်က ရရှိခဲ့ သော ၃၂ ဒသမ ၉၉ ရာခိုင်နှုန်းထက် ကျဆင်း ခဲ့ကြောင်း သိရသည်။
အာဆီယံနိုင်ငံများသို့ ပို့ကုန်တင်ပို့မှု
ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနိုင်ငံများ သို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁၄ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၉၇ ဘီလီယံအထိ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှု ပမာဏ ၂၂ ဒသမ ၄၈၃ ဘီလီယံတွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ တစ်ဖန် အာဆီယံဈေးကွက်မှ ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၉၂၄ ဘီလီယံမှ ၂၀၂၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၅၆ ဘီလီယံရှိကာ ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ စုစုပေါင်းတင်သွင်းမှုပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၉၄၂ ဘီလီယံ တွင် ၄၂ ဒသမ ၆ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ကုန်သွယ်မှုပြုသော အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၃၆ ဘီလီယံနှင့် ၄ ဒသမ ၆၆၄ ဘီလီယံ အသီးသီးဖြင့် ၆၇ ဒသမ ၂၈ ရာခိုင်နှုန်းအဖြစ် ပါဝင်ကာ ကုန်သွယ်မှု အများဆုံးနိုင်ငံများဖြစ် ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နှစ်ပတ်လည်အစည်း အဝေး၏ အစီရင်ခံစာတွင် ထုတ်ပြန်ခဲ့ သည်။
ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်
ကမ္ဘောဒီးယားကုန်သည်ကြီးများ အသင်း (Cambodia Chamber of Commerce - CCC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng က လူဦးရေသန်း ၆၆၀ ကျော်ရှိသော အာဆီယံ နိုင်ငံများသည် ပထဝီအနေအထားအရ ကမ္ဘောဒီးယား၏ လယ်ယာထွက်ကုန်များ ကို ထိပ်တန်းဝယ်ယူသည့် နိုင်ငံများဖြစ် ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်၊ တောင်ကိုရီးယားနိုင်ငံများနှင့် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် များ ရေးထိုးထားခြင်းကြောင့်လည်း အာဆီယံ နိုင်ငံများသို့ တင်ပို့သောပို့ကုန်ထုတ်လုပ် သည့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင် ခဲ့သလို တရုတ်နှင့် တောင်ကိုရီးယား ကုန်ပစ္စည်းများ ဖြန့်ဖြူးသည့်ဒေသတွင်း အချက်အချာကျသည့် နိုင်ငံ ဖြစ်လာကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ခဲ့သည့် အာဆီယံစီးပွားရေး ပေါင်းစည်း ဆောင်ရွက်မှုအရ အာဆီယံသည် ကမ္ဘော ဒီးယားနိုင်ငံအတွက် အရေးပါသောစျေးကွက် တစ်ခုဖြစ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း အနည်းငယ် နှောင့်နှေးမှုများ ရှိခဲ့သော်လည်း နောင်တွင် ကုန်သွယ်မှု ပိုမို တိုးတက်လာမည်ဟု ခန့်မှန်းကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံနိုင်ငံများသို့ လယ်ယာထွက်ကုန်များ၊ ကုန်ကြမ်းများ၊ သတ္တုတွင်းထွက်များကို အဓိက တင်ပို့ပြီး စားသောက်ကုန်နှင့်အဖျော်ယမကာ၊ လျှပ်စစ် နှင့် အီလက်ထရွန်နစ် စက်ကိရိယာများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေး သုံး စက်ယန္တရားများနှင့် မော်တော်ယာဉ်များ တင်သွင်းကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ တော်ဝင်တက္ကသိုလ် နိုင်ငံတကာစီးပွားရေးဌာနမှ ညွှန်ကြားရေးမှူး Hong Vanak က ကမ္ဘောဒီးယားနိုင်ငံအတွက် အာဆီယံသည် အထူးသဖြင့် ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနယ်စပ်တစ်လျှောက် ကုန်သွယ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ဈေးကွက်တစ်ခုဖြစ်ကြောင်း၊ သယ်ယူပို့ဆောင် ရေး အကွာအဝေးလျော့နည်းလာသည်နှင့် အမျှ သွင်းကုန်-ပို့ကုန် ကုန်ကျစရိတ် သက်သာ စေပြီး အမြတ်အစွန်းပိုမိုရရှိကာ အထူးသဖြင့် တောင်သူလယ်သမားများအတွက် အကျိုးရှိ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုလိုငွေသည် ၂၀၂၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၁ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၆ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၅ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထုတ်လုပ်မှု နှင့် ပို့ကုန်များသည် အထောက်အပံ့ဖြစ်စေ သော အစိုးရမူဝါဒအသစ်များကြောင့် နောင် တွင် အလားအလာကောင်းများ ရရှိမည်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၏ အစီရင်ခံချက်အရ အာဆီယံ နိုင်ငံများသို့ ကြိတ်ခွဲပြီး ဆန်၊ စပါး၊ ပီလောပီနံ၊ သီဟိုဠ်စေ့၊ ပြောင်း၊ ပဲတောင့်ရှည်၊ ပဲနီလေး၊ ကုလားပဲ၊ မြေပဲ၊ ငှက်ပျောသီး၊ သရက်သီး၊ ဆီအုန်း၊ ငရုတ်ကောင်း၊ ဆေးရွက်ကြီးနှင့် ရော်ဘာစေးတို့ကို အဓိကလယ်ယာထွက်ကုန် များအနေဖြင့် တင်ပို့ကြောင်း သိရသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။
ခင်ရတနာ စုစည်းဖော်ပြသည်၊၊