
ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ်၌ မြေအောက်ရေဖြင့် စပျစ် သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင် ကြသည့် ဒေသခံတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စပျစ်သီး များ လှိုင်လှိုင်ဆွတ်ခူးရောင်းချ နေရသဖြင့် မိသားစုဝင်ငွေရရှိ ကာ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲ ကျေးရွာမှ ဒေသခံတောင်သူများ ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာ ကျေးလက်နေ ပြည်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် နွေ ၊ မိုး ၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထား လုပ်ကိုင်ကြပြီး စိုက်ပျိုးသမျှ သီးနှံများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများ အဓိက စိုက်ပျိုး သည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲနောက်၊ ပဲလွမ်း၊ ပဲယင်း၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဘုရား ပန်းမျိုးစုံကိုလည်း တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အချို့ ကျေးရွာများ၌ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများ ပြုလုပ်၍ စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုး လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ သီးနှံအပို ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း သိရသည်။
အပိုဝင်ငွေရရှိ
“ကျွန်တော်တို့ဒေသက စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေလည်း ကောင်းမွန်တဲ့အတွက် သီးနှံမျိုးစုံ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ အခု ဆိုရင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရှိ အောင် စမ်းသပ်စိုက်ပျိုးထားတဲ့ စပျစ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိပြီး တစ်ပိဿာကို ငွေကျပ် ၈၀၀၀ ဈေးနဲ့ ရောင်းချနေရပါပြီ။
စပျစ်သီးနှံစိုက်ပျိုးရာမှာလည်း ဝယ်ယူ စားသုံးသူတွေ ဘေးကင်းလုံခြုံစေရန် အတွက် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ် နဲ့ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပျစ် သီးနှံဝယ်ယူစားသုံးချင်သူတွေ အဆင်ပြေ စွာ ဝယ်ယူနိုင်ရေးအတွက် အွန်လိုင်းမှ တစ်ဆင့် ရောင်းချပေးသလို လက်လီ လက်ကားဈေးနဲ့ တစ်ဆင့်ဝယ်ယူရောင်းချ လိုသူများကိုလည်း ရောင်းပေးနေပါတယ်။ တစ်ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးတဲ့ စပျစ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင် ဖြစ်ထွန်းမှုရှိတာကြောင့် သီးနှံအပိုဝင်ငွေ ရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ တစ်ပိုင် တစ်နိုင် စပျစ်သီးနှံ စိုက်ပျိုးလုပ်ကိုင် သည့် ဒေသခံတောင်သူတစ်ဦးက ပြော သည်။
အောင်မြင်ဖြစ်ထွန်း
ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စပျစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို မုန်းဇလဲကျေးရွာ၊ သမင်းခြံ ကျေးရွာနှင့် လက်ပနွယ်ကျေးရွာတို့တွင် ဒေသခံတောင်သူများက မိသားစု စားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေ ရရှိအောင် စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြ ပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရ သည်။
ထွက်ရှိသည့် စပျစ်သီးနှံများကို ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့နှင့် မကွေး မြို့များသို့ အဓိက တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)