ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်
စိန်ရတုအထိမ်းအမှတ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာပူတင် ထံသို့ ပေးပို့သည့် သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ - ရုရှား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခါသမယတွင် မြန်မာပြည်သူများနှင့်အတူ မိမိအနေဖြင့် အဆွေတော်နှင့် အဆွေတော်ထံမှတစ်ဆင့် ရုရှားပြည်သူများသို့ လှိုက်လှဲစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သပါသည်။
၁၉၄၈ ခုနှစ်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်မှစ၍ မိမိတို့နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ နားလည်မှုတို့ဖြင့် ထူးခြားသော ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပိုင်ဆိုင်ထားသည်ကို နှစ်ထောင်းအားရဖွယ် တွေ့ရှိရပါသည်။ နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများရှိလင့်ကစား မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေး နီးကပ်နေကြဆဲပင် ဖြစ်ပါသည်။ ရုရှားနိုင်ငံ၌ မြန်မာကျောင်းသားများစွာ ပညာသင်ယူခဲ့ကြပြီး နောက်ထပ်ပညာသင်များစွာ လည်း ပညာသင်ယူလျက်ရှိသည်နှင့်အတူ နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ပြည်သူအချင်းချင်း ဆက်သွယ်မှုများလည်း ရှိပါသည်။ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံကို အရေးကြီးပြီး ယုံကြည်အားထားရသော မိတ်ဖက် နိုင်ငံအဖြစ် အစဉ်မှတ်ယူထားပါသည်။ မိမိတို့အနေဖြင့် ရုရှားနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် မြန်မာနိုင်ငံ၏ ခက်ခဲသောကာလများတွင် အစဉ်တစိုက် ထောက်ခံပေးမှုအပေါ် မြင့်မားစွာ တန်ဖိုးထားကျေးဇူးတင်ရှိပါသည်။
နှစ်နိုင်ငံအဆင့်မြင့်အပြန်အလှန်ခရီးစဉ်များနှင့် နယ်ပယ်စုံ အဆင့်အသီးသီးတွင် ထိတွေ့ဆက်ဆံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းက နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရလဒ်ကောင်းများကို ဖြစ်ထွန်းစေခဲ့သည်ကိုလည်း မိမိအနေဖြင့် ဝမ်းမြောက်ပါသည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မိမိ၏ခရီးစဉ်အတွင်း၌ မိမိတို့နှစ်ဦးလုံးသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြသည်ကို ဝမ်းမြောက်စွာ အမှတ်ရမိပါသည်။ များမကြာမီကာလအတွင်း စိန့်ပီတာစဘတ် မြို့နှင့် နိုဗိုစီဗစ်မြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ မြှင့်တင်ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
၂၀၂၃ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ရပ်ကို အမှတ်ရဖော်ကျူးရန် အခါသမယ တစ်ခုအဖြစ်သာမက နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်၍ အားသစ်လောင်းနိုင်မည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါသည်။ ယခုတစ်နှစ်တာ ကာလပတ်လုံး နှစ်နိုင်ငံတွင် ကျင်းပရန်လျာထားသည့် အထိမ်းအမှတ်အခမ်းအနားများနှင့် လှုပ်ရှားမှုများ ကလည်း မိမိတို့နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် လမ်းခင်းပေးမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အရေးပါသည့်အခါသမယတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် အာရှပစိဖိတ်ဒေသနှင့် ယင်းဒေသအပြင်ဘက် တည်ငြိမ်သာယာဝပြောရေးအတွက် အထောက်အကူဖြစ်စေမည့် ဘုံအကျိုးစီးပွား ဖြစ်ထွန်းစေသည့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်သွားရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည့် မြန်မာနိုင်ငံအစိုးရ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုအပ်ပါသည်။
ယခုကဲ့သို့ မင်္ဂလာရှိသောအခါသမယတွင် အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်း၊ အနာဂတ် လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများရရှိပါစေကြောင်းနှင့် ရုရှားနိုင်ငံနှင့် ပြည်သူများ ဆက်လက် တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။



