ရန်ကုန် ဖေဖော်ဝါရီ ၁၆
၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (JLPT)ကို ဇူလိုင် ၂ ရက် (တနင်္ဂနွေ နေ့)တွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ကျင်းပမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလိုသူများ အတွက် တစ်ဦးချင်း လျှောက်လွှာများ လျှောက်ထားခြင်းကို ယခုလ ၂၁ ရက်မှစ၍ အွန်လိုင်းမှ လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်းမှ လျှောက်လွှာလက်ခံရာ တွင် Level အားလုံးအတွက် လူဦးရေ အကန့် အသတ်မရှိ လက်ခံမည်ဖြစ်သည်။ Level N1 နှင့် Level N2 အတွက် ဖေဖော်ဝါရီ ၂၁ ရက်မှ မတ်၃ရက်အထိ၊Level N3 အတွက် ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၃ ရက်အထိ၊ Level N4 အတွက် ဖေဖော်ဝါရီ ၂၃ ရက် မှ မတ် ၃ ရက်အထိ၊ Level N5 အတွက် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက်အထိ လက်ခံမည်ဖြစ်သည်။ ရန်ကုန်စာဖြေဌာနနှင့် မန္တလေးစာဖြေဌာနအတွက် Level အလိုက် တစ်ပြိုင်နက် လက်ခံမည်ဖြစ်သည်။ လူဦးရေ ကန့်သတ်ထားခြင်း မရှိသည့်အတွက် လျှောက်လွှာလက်ခံကာလအတွင်း မိမိ အဆင်ပြေသည့်ရက်တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်သည် ။
ထို့ပြင် လျှောက်လွှာလက်ခံကာလ မတိုင်မီ ဖေဖော်ဝါရီ ၂၀ မှစ၍ မှတ်ပုံတင် ခြင်း(Registration)ကို စတင်ပြုလုပ်နိုင်မည် ဖြစ်ပြီး Registration ပြုလုပ်ခြင်းမှာ လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းခြင်း အဆင့်ဖြစ်ကာ လျှောက်လွှာလက်ခံကာလတစ်လျှောက်လုံးတွင်လည်း Registration ပြုလုပ်နိုင်မည် ဖြစ်သည်။ Registration ပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ်အပါအဝင် ကိုယ်ရေး အချက်အလက်များ ဖြည့်စွက်ရမည်ဖြစ်ပြီး အဆိုပါ ကိုယ်ရေးအချက်အလက်များသည် လျှောက်လွှာလက်ခံချိန်တွင် အလိုအလျောက် ဖြည့်သွင်းပြီးဖြစ်ကာ လျှောက်လွှာလက်ခံ သည့်ရက်တွင် Registration ပြုလုပ်စဉ်က မပါဝင်ခဲ့သည့် အချက်အလက်များကိုသာ ဆက်လက်ဖြည့်သွင်းရမည်ဖြစ်သည်။
သက်သေခံကတ်ပြား တစ်ခုအတွက် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာ တင်ခြင်း တစ်ကြိမ်သာ ပြုလုပ်ရမည်ဖြစ်ပြီး Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာ တင်ခြင်းများအတွက် မိမိကိုယ်ပိုင် အီးမေးလ် လိပ်စာတစ်ခု မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။
ကျောင်းအလိုက်လျှောက်လွှာတင်ခြင်း၊ အွန်လိုင်းဖြင့် လျှောက်လွှာတင်ခြင်းလမ်းညွှန်၊ ကြိုတင်မှတ်ပုံတင်ပြုလုပ်ခြင်း လမ်းညွှန်တို့ နှင့် ပတ်သက်၍ ထပ်မံကြေညာပေးမည် ဖြစ်ပြီး JLPT စာမေးပွဲနှင့် ပတ်သက်၍ မေးမြန်းလိုပါက JLPT စာမေးပွဲကျင်းပရေး ကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင် ဟောင်းအသင်း ဖုန်း- ၀၉ ၄၂၈၇၅၆၇၄၆၊ ၀၉ ၉၈၆၀၉၃၆၃၇ တို့သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။
မျိုးမင်းသူရ



