နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာ မှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် လေးရပ်ဖြင့် တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန် မှာ တန် ၁၇၀၀ ရှိပြီး ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာပလ္လင် တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင် တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။
အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့
ရတနာပလ္လင်တော်ထက်သို့ ဆက်လက်ပင့်ဆောင်ပူဇော်ရန် ကျန်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ် ခဲ့ပြီး ပင့်ဆောင်ရေးလုပ်ငန်းစဉ် များအလိုက် ပင့်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၂ နာရီ ၄၃ မိနစ်တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်းများအား ရတနာပလ္လင်တော်ထက်၌ ထိဆက်ပင့်ဆောင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်ခန့် တွင် ဆင်းတုတော်အပိုင်း(၄)အား ဆင်းတုတော် (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးထံသို့ Skid Rail များ အသုံးပြု၍ စတင်ပင့်ဆောင်ပူဇော်ခဲ့ရာ နံနက် ၇ နာရီ မိနစ် ၂၀ခန့် တွင် ထိဆက်ပင့်ဆောင်နိုင်ခဲ့သည်။ ယင်းနောက် ရတနာပလ္လင်တော်ပေါ် သို့ နေရာချထားခြင်းအား Hydraulic Jack များအသုံးပြု၍ ဆက်လက် ဆောင်ရွက်ခဲ့ရာ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် အစိတ်အပိုင်းကြီး၊ ရတနာပလ္လင်တော်၊ ဆင်းတုတော် အပိုင်း(၄)တို့ အား တစ်ခုနှင့်တစ်ခု ကိုက်ညီမှုရှိစေရန် တစ်လက်မချင်း အချိန်ယူ၍ အသေးစိတ်ဆောင်ရွက်ခဲ့ရပြီး ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ပလ္လင် တော်ပေါ်၌ ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းအားလုံးကို အောင်မြင် စွာ နေရာချထားနိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ဆင်းတုတော်ကြီး၏ အစိတ်အပိုင်းများအား တွဲဆက် ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့်နည်းတူ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များ ဝင်ဆံ့ နိုင်သော သာသနာ့ဗိမာန်တော်ကြီး၊ ဆဋ္ဌသင်္ဂါ ယနာမူ ပိဋကတ်ကျမ်းစာ များကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထုဆစ်ပူဇော်ထားရှိသည့် ကျောက်စာရုံစေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီး ရင်ပြင်တော်၊ သုဓမ္မာဇရပ်များအပြင် အခြားသော သာသနိကအဆောက် အဦများကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း သိရှိ ရသည်။
မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိ
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများ၊ သာသနိက အဆောက် အဦများ တည်ဆောက်ရေးလုပ်ငန်းများကို တည်ဆောက်ရေးဆိုင်ရာ တာဝန်ရှိသူများက နေ့ညမပြတ် ကြိုးပမ်းတည်ဆောက်လျက်ရှိပြီး ညချမ်းချိန်ခါများတွင်လည်း အများပြည်သူ ကြည်ညိုသပ္ပာယ်ဖွယ် မီးများထွန်းညှိ၍ အလင်းပေးပူဇော်ထားရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



