နေပြည်တော် ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာနှင့် သက်တမ်းအမြင့်မားဆုံးသော ဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ဝန်ထမ်းဟောင်းများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်ရုံးမှ ဝန်ထမ်းများ၊ ထပ်ဆင့် လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ကြသည်။
လှိုက်လှဲနွေးထွေးစွာကြိုဆို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို စတင်ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “စိန်ရတုအလှမှန် ထာဝရမြန်မာ့အသံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ “ရတုအဆက်ဆက် မှသည် ၇၇ နှစ်တိုင်ခဲ့ပြီ MRTV ” Documentary အစီအစဉ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်ရေဒီယို(Rangoon Radio)အမည်မှ ဗမာ့အသံ(Barma Broadcasting Service-BBS) အမည်ပြောင်းလဲ ပြင်ဆင်ခဲ့သည့် “ဗမာ့အသံနေ့” ကို မူတည်ပြီး သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် “မြန်မာ့အသံ” အမည်မှ “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” (Myanma Radio and Television-MRTV) အမည်ကို ပြင်ဆင်ပြောင်းလဲ လာမှုနှင့်အတူ ခေတ်အဆက်ဆက် သတ်မှတ်ကျင်းပ ခဲ့သည်မှာ (၇၅) နှစ်မြောက် စိန်ရတုကို ကျော်လွန် လာခဲ့ပြီး ယနေ့တွင် (၇၇)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ သတင်းအချက်အလက်များ ပြန်ကြားပေး ရန်၊ အသိပညာ မျှဝေပေးရန်၊ ဖျော်ဖြေပေးရန် ဟူသည့်အတိုင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် အကျိုး ပြုခဲ့သည်မှာ (၇၇)နှစ်ကာလရှိခဲ့ပြီဖြစ်ပါကြောင်း။
အောင်မြင်တိုးတက်လာသည့်ဌာနဖြစ်
မိမိတို့ ငယ်စဉ်ကာလက “မြန်မာ့အသံ” ဟူသည့် ရေဒီယိုအစီအစဉ်သာရှိခဲ့ပြီး မြန်မာ့အသံ၏ ထုတ်လွှင့်မှု၊ ဖျော်ဖြေတင်ဆက်မှုများကို နားထောင် ကြည်နူးခဲ့ရပါကြောင်း၊ ကဏ္ဍစုံနှင့် ရသစုံကို ပေးနိုင် သည့် ဇာတ်လမ်းပမာ နားဆင်စရာ၊ အသံလွှင့်ဇာတ်၊ ကွက်စိပ်၊ ဇာတ်သဘင်၊ သောတရှင်တို့လိုရာ၊ ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှု စသည့် ကဏ္ဍစုံ များကို စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ပါကြောင်း၊ တပ်မတော် တွင် တာဝန်ထမ်းဆောင်ချိန်တွင်လည်း စစ်သည် အတွက် တေးလက်ဆောင်၊ တပ်မတော်စာတိုက် စသည့် တင်ဆက်မှုများကြောင့် ရှေ့တန်းစစ်မြေပြင် တွင် ရွှင်လန်းတက်ကြွပျော်ရွှင်ခဲ့ရပါကြောင်း၊ စတင် တည်ထောင်စဉ်ကတည်းက ပြည်သူများ၏ရင်တွင်း၌ စွဲလမ်းနှစ်ခြိုက်စေသည့် အစီအစဉ်များ၊ တင်ဆက် ဖျော်ဖြေမှုများနှင့် အောင်မြင်တိုးတက်လာသည့်ဌာန ဖြစ်ကြောင်းကို ဂုဏ်ယူစွာ ပြောကြားလိုပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားပြီး အစဉ်အလာ ကြီးမားသည့် ပြည်သူ့ဝန်ဆောင်မှုဌာနကြီးတစ်ခု ဖြစ်သကဲ့သို့ ခေတ်အဆက်ဆက်တွင် တာဝန်ကျေပွန် ခဲ့ပြီး ပြောင်းလဲတိုးတက်နေသည့် နည်းပညာ၊ အတတ်ပညာများနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်ပါ ဆောင်ရွက်နိုင်ခြင်းကြောင့် ယခုကဲ့သို့ (၇၇) နှစ် ပြည့်မြောက်သည်အထိ အရေးပါသည့် သမိုင်း မှတ်တိုင်တစ်ခုကို မားမားမတ်မတ်ဖြင့် ဝင့်ဝင့် ကြွားကြွား စိုက်ထူနိုင်ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ လုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်ပါက တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်း ဖြင့် လုပ်ဆောင်၍မရဘဲ အားလုံးပူးပေါင်းလုပ်ဆောင် မှုဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်ရသည် ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်
ထို့ကြောင့် ယနေ့အခမ်းအနားသည် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV) အတွက် (၇၇)နှစ်ပြည့် မြောက်သည့်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်း ဖြစ်သကဲ့သို့ MRTV ဝန်ထမ်းများ၏ စည်းလုံးညီညွတ် မှု၊ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှုတို့ကိုလည်း သက်သေပြခြင်းပင် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းများ အနေဖြင့် ခေတ်အဆက်ဆက်တွင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ပြီး စည်းလုံး ညီညွတ်စွာဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ကြသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှုနှင့် အောင်မြင်မှုရလဒ်များကို ဖော်ထုတ်ပြသနိုင်ခဲ့ခြင်း ကြောင့်လည်း ဂုဏ်ယူဝမ်းမြောက်ရကြောင်းကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း နိုင်ငံ နှင့် ပြည်သူအတွက် တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်သွားနိုင်ကြမည်ဟုလည်း ယုံကြည် မျှော်လင့်ထားပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူပြီးနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပြီး ဝန်ထမ်း များကို အားပေးဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါ ကြောင်း၊ ထို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြခန်းငယ်ကို စိန်ရတုအထိမ်းအမှတ်အဖြစ် ထည်ထည်ဝါဝါ ခံ့ခံ့ညားညား ပြသနိုင်မည့် အဆောက်အဦတစ်ခု ပေါ်ပေါက်လာရေး လှူဒါန်း တည်ဆောက်ပေးခဲ့ပြီး ပြီးခဲ့သည့် (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် မိမိကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းသည်လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ သမိုင်းအဆက်ဆက် ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ အသုံးပြုခဲ့သည့် စက်ပစ္စည်းကိရိယာများနှင့် တူရိယာပစ္စည်းများ၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ၏ ကြိုးစား ဆောင်ရွက်မှုများကို ဂုဏ်ပြုပြီး သမိုင်းမှတ်တမ်းများ မပျောက်ပျက်အောင် ရှိနေစေရေးနှင့် နောင်လာ နောက်သားများ၊ ဝန်ထမ်းများ၊ ပြည်သူများ လေ့လာ သိရှိနိုင်စေရေး စေတနာဖြင့် အကောင်အထည်ဖော် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သမိုင်းဟူသည်မှာ ချန်ထား၍ မရသကဲ့သို့ ဖျောက်ဖျက်၍လည်းမရပါ ကြောင်း၊ တစ်ဆက်တည်းတွင် MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရေး အတွက်လည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
နိုင်ငံပိုင်မီဒီယာအားလုံးကို မှတ်တမ်းတင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူစကတည်းက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှု များပြားပြီး တစ်ဆက် တည်း၌ပင် ဆူပူအကြမ်းဖက်မှုများကြောင့် အခက်အခဲ များကြားမှ နိုင်ငံတော်ကို ပြန်လည်တည်ဆောက် နေရခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိသလောက်ဖြစ်ပြီး အနည်းဆုံးအခြေအနေသို့ ရောက်အောင်ထိန်းနိုင် ခဲ့ရာတွင် မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာ များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများ၊ စာအုပ်စာစောင်များမှ ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ မိမိကိုယ်တိုင်လည်း တီဗွီ၊ ရေဒီယို၊ သတင်းစာများကို နားထောင်ဖတ်ရှုပြီး ထိထိရောက်ရောက် အသိပညာ ပေးနိုင်ရေး လမ်းညွှန်မှာကြား အကြံပြုခဲ့သည်ကို ဝန်ထမ်းများအသိပင် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု၊ သေဆုံးမှုများနေသေးသည်ကို တွေ့ရသော်လည်း မိမိတို့နိုင်ငံ၌ အနည်းငယ်မျှသော ကူးစက်မှုများသာ ရှိပြီး သေဆုံးမှုမရှိတော့ခြင်းသည် ကျန်းမာရေး ဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှု၊ စီမံအုပ်ချုပ် ရေး အဖွဲ့အစည်းများ၏ စီမံဆောင်ရွက်မှု၊ နိုင်ငံပိုင် မီဒီယာများ၏ စဉ်ဆက်မပြတ်နည်းမျိုးစုံဖြင့် အသိပညာ ပေးမှု၊ ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်မှုများ ကြောင့်ပင် ဖြစ်သဖြင့် အားလုံးကိုကျေးဇူးတင်သကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အပါအဝင် နိုင်ငံပိုင် မီဒီယာအားလုံးကိုလည်း မှတ်တမ်းတင်ကြောင်းကို ပြောလိုပါကြောင်း။
လက်ရှိအခြေအနေတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင် ခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း နှစ်နှစ်တာကာလလုံး ဖြစ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲ ဖျက်ဆီးမှုများသည် သိသိသာသာ လျော့နည်းကျဆင်း သွားခြင်းမရှိသေးကြောင်း၊ မိမိတို့နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြ သည့် ပြည်ပနိုင်ငံကြီးများနှင့် ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်း အကျိုးစီးပွားကိုသာ ရှေးရှုနေကြသည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော် အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း။
အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်
မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ် ကာလရှည်ကြာ ရပ်စဲထားပေးခဲ့ခြင်း၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဖိတ်ခေါ် ခြင်း၊အလားတူ အကြမ်းဖက်လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းနေကြသူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ် ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း များဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေပါ ကြောင်း၊ သို့သော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုးမြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင် ခြင်း စသည့် မရိုးသားသည့် နည်းလမ်းများဖြင့် စည်းရုံးသိမ်းသွင်းပြီး လမ်းမှားသို့ တွန်းပို့ကာ နိုင်ငံတော်ကိုဖျက်ဆီးနေကြဆဲ ဖြစ်သောကြောင့် ပြည်သူများနှင့် လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာစေရေး ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက်ပြီး ဆောင်ရွက်သွား ကြရန် မှာကြားလိုပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြား လိုပါတယ်။
လက်ဆင့်ကမ်းတာဝန်ယူ
ယခုအချိန်တွင် ပြည်သူကို အသိပညာဗဟုသုတ ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များကို လမ်းမှားမရောက်စေရေး၊ ပညာတတ် သားကောင်းရတနာများ ဖြစ်လာစေရေး သည်လည်း ပိုမိုအရေးကြီးပါကြောင်း၊ ယနေ့လူငယ် များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် နိုင်ငံတော်ကြီးကို ထုဆစ် ပုံဖော်ကြမည့် လက်ဆင့်ကမ်းတာဝန်ယူကြမည့်သူ များ ဖြစ်နေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ အဓိကအား ဖြင့် မိဘ၊ ဆရာများတွင် တာဝန်ရှိသည်ဟု ဆိုရမည် ဖြစ်သော်လည်း မိမိတို့မီဒီယာများမှ စဉ်ဆက်မပြတ် အသိပညာပေး၊ ဗဟုသုတများ ဖြန့်ဝေပေးနေပါက ပိုမိုထိရောက်စေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လည်း နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံက မြှင့်တင်ပေးလျက်ရှိပြီး KG+9 ပြီးမြောက်အောင် သင်ယူကြစေရေး အားပေးလုပ် ဆောင်လျက်ရှိပါကြောင်း၊ အဓိကမှာ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု ကို အတွေးအခေါ်အယူအဆနှင့် အလုပ်အကိုင်များ မှန်ကန်စေရေးတို့အတွက် မီဒီယာပိုင်းက ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန် အခြားသက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။
အလေးထားဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံ ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ဦးတည် ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံနှင့် ပြည်သူ့အကျိုးအတွက်၊ နိုင်ငံတော်၏ရှေ့ရေးအတွက် ဆောင်ရွက်နေကြောင်းကို ပြည်သူလူထု သိရှိစေရေး ပြန်ကြားရေးကဏ္ဍမှ အလေးထားဆောင်ရွက်ပေး သွားကြရန် မှာကြားလိုကြောင်း။
မိမိတို့နိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပလျက်ရှိနေသည်ကို ကမ္ဘာ ကို ပြသနိုင်ရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိရန် နှင့် ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ကြပြီး ဒေသတိုးတက်စည်ကားစေရန်၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက် များဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း၌ “မာရဝိဇယ” ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ဆိုပါက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင် ပူဇော်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းလုံး က ကုသိုလ်ရှင်များ လှူဒါန်းသည့် ဌာပနာတော် များကိုလည်း ထည့်လှူပူဇော်ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေး၊ ပိဋကတ်ကျမ်းစာများကို ကျောက်စာတော်များ ထုဆစ်ပူဇော်ပြီး ကျောက်စာရုံ စေတီတော်များ တည်ဆောက်ရေး၊ ရင်ပြင်တော်များ၊ သုဓမ္မာဇရပ်များနှင့် အခြားသော သာသနိက အဆောက်အဦများ တည်ဆောက်ရေး၊ ဗုဒ္ဓဥယျာဉ် တော်ကြီး သာယာလှပစေရေးတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ခမ်းနား ထည်ဝါသည့် ဗုဒ္ဓအမွေအနှစ်ကြီး တည်ထား ကိုးကွယ်ရန် ဆောင်ရွက်နေသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ မဟာရံတံတိုင်းတည်ဆောက် လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် လှူဒါန်းလိုသည့် ဘုရား ဒါယကာ၊ ဒါယိကာမများက လှူဒါန်းနိုင်ရေးအတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပါအဝင် တီဗွီ၊ ရေဒီယို၊ သတင်းစာများက နှိုးဆော်တိုက်တွန်းပေးနေသည်ကိုလည်း ဆက်လက် ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း။
ခေတ်မီစက်ပစ္စည်းများတပ်ဆင်ပြီးဖြစ်
MRTV News Channel ကို အသွင်သစ်၊ အမြင် သစ်၊ ပုံစံသစ်နှင့် အရန်စတူဒီယိုမှ ပူးပေါင်းထုတ်လွှင့် ခဲ့ရာမှ ယခုအခါ စတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာ ငွေမှ ငွေကျပ်သန်း ၁၁၅၀ (ငွေကျပ်သန်း တစ်ထောင့် တစ်ရာ့ငါးဆယ်) အသုံးပြုကာ သတင်းထုတ်လွှင့်ခန်း နှင့် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပြီးဖြစ်ပြီး ယခုအခမ်းအနားအပြီးတွင် ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် သီးသန့်စတူဒီယိုအဖြစ် စတင်အသုံးပြုပြီး ထုတ်လွှင့်နိုင်တော့မည် ဖြစ်ပါ ကြောင်း။
နိုင်ငံနှင့် ပြည်သူအကျိုးကို မီဒီယာနှင့် ဝန်ဆောင် မှုပေးနေသည့် MRTV သည် တိုင်းရင်းသားဘာသာ စကား အမျိုးအမည် ၂၀ နှင့် ဘာသာစကားများစွာ ထုတ်လွှင့်နိုင်မှုကြောင့် ကမ္ဘာ့အလယ်တွင် ထူးခြား၊ ထင်ရှားသည့် ရုပ်သံလွှင့်ဌာနကြီးအဖြစ် ရပ်တည်နေ သည်ကိုလည်း သိရှိရသည့်အတွက် ဌာနနှင့်ထပ်တူ ဂုဏ်ယူပါကြောင်းလည်း ပြောကြားလိုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် MRTV ၏ ဝန်ထမ်းဟောင်း များက သူ့ခေတ်သူ့အခါအလိုက် တာဝန်ကျေပွန်ခဲ့ ကြသကဲ့သို့ မျိုးဆက်သစ်ဝန်ထမ်းများကလည်း သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဆက်လက် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် MRTV အနေဖြင့် အနာဂတ်တွင် ရေရှည်တည်တံ့အောင်မြင်သည့် ဌာနကြီးအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး ယနေ့ တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ စိတ် စေတနာနှင့် ခံယူချက်၊ ယုံကြည်ချက်၊ ကြိုးစား ဆောင်ရွက်မှုများအပေါ်၌ တည်ရှိနေသည်ဆိုသည် ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ ခိုင်မာစွာ စောင့်ထိန်းခဲ့သည့်မူရှိပြီး ဖြစ်ပါကြောင်း၊ ရုပ်မြင် သံကြားနှင့် အသံလွှင့်ခြင်းဆိုသည်မှာ လူများ၏ စိတ်ကို ဖမ်းစားနိုင်စွမ်းရှိပြီး တိုင်းရင်းသားများ ထိန်းသိမ်းအပ်သည့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ပြည်သူလူထု၏ စိတ်နှလုံးထဲတွင် ရှိနေစေရေး ဆက်လက်ဆောင်ရွက်ပေးရန် မှာကြား လိုပါကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံသူ နိုင်ငံသား များ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေး အမြင် ရှိအောင်လည်း လုပ်ဆောင်ပေးကြရန် တိုက်တွန်း လိုပါကြောင်း။
တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးနေ
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မူလ လုပ်ငန်းတာဝန်များအပြင် သီးခြားပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် ကြိုးစားထမ်းဆောင် နေသကဲ့သို့ နိုင်ငံအတွင်း၌ အနုပညာလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်လုပ်ကိုင်နိုင်စေ ရေးနှင့် အနုပညာလောကသားများ၏ စားဝတ်နေရေး ကိစ္စများ အဆင်ပြေစေရေး တတ်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်ပေးနေသည်ကိုလည်း အသိအမှတ်ပြု ပြောကြားလိုပါကြောင်း။
နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ် အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နေ့စဉ်တင်ဆက်နေသည့် သတင်းနှင့်အစီအစဉ်များ ပိုမိုအရည်အသွေး ကောင်းမွန်စေရေး၊ Content ပိုင်းဆိုင်ရာ အသစ် အသစ်များ ဖန်တီးထုတ်လုပ်ပြီး သတင်းအချက် အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေး ရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်၊ နိုင်ငံတကာရုပ်သံလုပ်ငန်းများ၏ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ ပြီး ယှဉ်တွဲလိုက်ပါဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်း များ၏ စွမ်းဆောင်ရည်များ တိုးမြှင့်လာစေရေး အတွက် ဝန်ထမ်းအားလုံး၏ စွမ်းဆောင်နိုင်မှု အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ပြီး တိုးတက်အောင်လုပ်ဆောင်ကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ပြည်သူ အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြပြီး နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုးအားထားပြုရ သည့်ဌာနကြီးတစ်ခုဖြစ်အောင် ယခင်ကထက် ပိုမို စည်းလုံးသည့်၊ ပိုမိုညီညွတ်သည့် စိတ်ကောင်းစေတနာ အပြည့်ဖြင့် သယ်ပိုးစွမ်းဆောင်ပေးကြပါရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇)နှစ် ပြည့်မြောက်သည့်နေ့မှ သည် ရှေ့ရာစုနှစ်ပေါင်းများစွာအထိ အောင်မြင်မှုများ နှင့်အတူ လျှောက်လှမ်းပြီး ဂုဏ်ယူဝင့်ကြွား စွာ ရှင်သန်ရပ်တည်နိုင်ပါစေကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က 10th ASEAN Quiz (Regional Level) ပြိုင်ပွဲအား နိုင်ငံတော်အဆင့်နှင့် အညီ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပနိုင်မှုနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 အား အောင်မြင်စွာ စီစဉ်တင်ဆက်နိုင်မှုတို့အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ၇၇ သိန်းကို ချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင် ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ “အသစ်တစ်ဖန် ခေတ်သဏ္ဌာန် MRTV ” တေးသီချင်း၊ “ရှင်သန်နေမည် MRTV” တေးသီချင်းတို့ဖြင့် ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်း အဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား “News Channel Studio” ဖွင့်လှစ်ခြင်းကို ဆက်လက်ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အဝင်ဆိုင်းဘုတ်ငယ် ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဦးဝင်းရှိန်တို့နှင့်အတူ “News Channel Studio” ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် “News Channel Studio” နှင့် ပတ်သက်သည့် Video Clip ကို ကြည့်ရှုအားပေးပြီး Studio အတွင်း လှည့်လည်ကြည့်ရှုကြကာ တာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
ရှေ့ဆောင်စံပြအဖြစ် ရှိနေရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့် ခန်းများ၊ Myanma Radio (English FM Channel) အင်္ဂလိပ်ပိုင်းသတင်းနှင့် အစီအစဉ်များ ထုတ်လွှင့် နေမှု၊ တိုးချဲ့ထုတ်လွှင့်လျက်ရှိမှု၊ သပြေရေဒီယိုအသံ လွှင့်ချိန် တိုးချဲ့ထုတ်လွှင့်လျက်ရှိမှုများကို လည်း ကောင်း၊ Convergence News Room ၊ MRTV HD ၊ MRTV News ထုတ်လွှင့်ခန်းများနှင့် Master Control Room ၊ MRTV HD News Studio နှင့် MRTV News ၊ Radio Tape Library ၊ Radio News Room ၊ Auditorium တို့ကိုလည်းကောင်း ကဏ္ဍတစ်ခုချင်းစီ အလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှု၍ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကဏ္ဍ အလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြမှုများ အပေါ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် မီဒီယာကဏ္ဍတွင် ရှေ့ဆောင်စံပြအဖြစ် ရှိနေရမည် ဖြစ်ပြီး အမြင့်ဆုံးမှ ရပ်တည်နေရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှုပုံစံဖြစ်ရမည် ဖြစ်သကဲ့သို့ မြန်မာမှုထုံးတမ်းစဉ်လာများကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ မြန်မာစာ၊ မြန်မာ စကားကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဌာန်ကရိုဏ်း ကျကျဖြင့် ပြောဆိုတင်ဆက်နိုင်ရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်ပိုင်း အစီအစဉ်များကိုလည်း အသံအနေ အထားမှန်ကန်စွာဖြင့် ဆောင်ရွက်ပြီး နားထောင်သူ များမှ အတုယူနိုင်ရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများနှင့် လုပ်ငန်း တာဝန်များကို ပျော်ရွှင်စွာဖြင့် ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးအတွက်လည်း လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားဆွေးနွေး ပြောကြားသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် “ဗမာ့အသံ” (Burma Broadcasting Service-BBS) အမည်ဖြင့် စတင်တည်ထောင်ခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ် ခေတ်၊ ဒုတိယကမ္ဘာစစ်ကာလ၊ ဂျပန်ခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ်များတွင် နေရာပြောင်းရွှေ့ပြီး အမည်နာမမျိုးစုံဖြင့် ဖြတ်သန်းခဲ့ကြောင်း၊ ၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်တွင် ပြန်ကြားရေးနှင့် အသံလွှင့် ဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်တွင် ရောင်စုံရုပ်မြင်သံကြားကို စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့် ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် မူလရေဒီယို အသံလွှင့်လုပ်ငန်းနှင့် ပူးပေါင်းပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန (Myanmar Television and Radio Department –MTRD) အမည်ဖြင့် ပြင်ဆင် ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV) အမည်ကို ပြောင်းလဲကာ ယနေ့တိုင်ခေါ်ဝေါ်သတ်မှတ်ခဲ့ကြောင်း။
တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့် ထုတ်လွှင့်နေ
ယခုအခါ MRTV-HD ၊ MRTV-News တို့အပြင် တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့် ထုတ်လွှင့်နေသည့် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (MRTV-NRC)၊ တောင်သူလယ်သမားရုပ်သံလိုင်း(MRTV-Farmer’s)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel) နှင့် အားကစားရုပ်သံလိုင်း (MRTV Sports Channel)တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုးချဲ့ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း (လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ” ဘာသာ စသည့် တိုင်းရင်းသား ၁၇ မျိုးဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့် အပြင် MRTV Website အပါအဝင် Online ဖြင့် လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို လည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့အသံရေဒီယိုအနေဖြင့် ရေဒီယိုအစီအစဉ် များကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီထိ ထုတ်လွှင့်ပေးလျက်ရှိသကဲ့သို့ တိုင်းရင်းသား ဘာသာ ၁၇ မျိုးဖြင့်လည်း ထုတ်လွှင့်ပေးလျက် ရှိသည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် Myanma Radio English FM Channel နှင့် သပြေရေဒီယိုတို့အား တိုးချဲ့ထုတ်လွှင့်ပေးလျက်ရှိသည်။
ယနေ့အချိန်တွင် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေ ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန် ပေါက်ဖွားလာခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် (၇၇) နှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှု များနှင့် နိုင်ငံပိုင်မီဒီယာကြီးတစ်ခုအဖြစ် မားမား မတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



