ရန်ကုန် ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ရွှေပညာဒါန (အခမဲ့) ရွှေသင်တန်း အသိပညာပေးသင်တန်း အမှတ်စဉ် (၂၃) ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က အသင်းရုံးတည်ရှိရာ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း၌ ကျင်းပ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း နာယက ဦးဆန်းလွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် ပြောကြားသည်။
ဆက်လက်၍ အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က သင်တန်းတွင် ပို့ချခဲ့သည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က သင်တန်းတွင် သင်ကြား ပို့ချခဲ့ကြသည့် ဆရာများကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပြီးနောက် အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ရွှေပညာဒါန (အခမဲ့) ရွှေသင်တန်း အသိပညာပေး သင်တန်း အမှတ်စဉ် (၂၃) သို့ သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၀ ရက် ကြာမြင့်ခဲ့သည်။ သင်တန်းတွင် ရွှေတူး ဖော်ခြင်း၊ ရွှေသန့်စင်ခြင်းနှင့် မီးလင်းရွှေဈေးကွက်ရောင်းဝယ်ခြင်း၊ ရွှေအပေါင်ခံခြင်း၊ သိပ်သည်းဆ၊ ရွှေပန်းတိမ်၊ ရွှေဒင်္ဂါး ငွေဒင်္ဂါး၊ အသုံးချ ရွှေသင်္ချာ၊ ကျောက်မျက်ပညာ၊ ရွှေဆိုင်ဖွင့်လှစ်ခြင်း ပညာရပ်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးမင်းသူရ



