ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

 

ပဲခူး  ဖေဖော်ဝါရီ   ၁၄


ရှေးဟောင်းဝတ္ထုပစ္စည်း     အပ်နှံခြင်းအတွက်  ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့ နေ့လယ်ပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပဲခူးဌာနခွဲ) ညွှန်ကြား ရေးမှူးရုံး၌    ကျင်းပရာ    ပဲခူးတိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ဂုဏ်ပြုစကား ပြောကြားပြီး ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူ  တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ရုံးအုပ် ဒေါ်မြင့်မြင့် ကြည်အား ချီးမြှင့်ငွေကျပ် ၃၈၁၄၄၃ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်သည်။

 


အဆိုပါ လှူဒါန်းသူသည် ၎င်း၏ ဘိုးဘွားပိုင် ကိုလိုနီခေတ်လက်ရာ   ကဒေါင်းပုံ    ရွှေဆွဲပြား တစ်ခုနှင့် ရတနာပုံခေတ်လက်ရာ တိုးနရားရုပ်ပုံပါ ကြေးဒင်္ဂါးတစ်ခုတို့ကို  ၂၀၂၂  ခုနှစ်  နိုဝင်ဘာ  ၂၂ ရက်က   ရှေးဟောင်းသုတေသနနှင့်   အမျိုးသား ပြတိုက်သို့ အပ်နှံသည့်အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနက ချီမြှင့်ခြင်းဖြစ်သည်။ 

 


ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပဲခူးဌာနခွဲ) ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ရွှေထည်နှင့် အခြားရှေးဟောင်းဝတ္ထုပစ္စည်းများ အား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပ်နှံပါက လွှဲပြောင်း ပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍  ကာလတန်ဖိုးအပြင်  ထပ်ဆောင်းတန်ဖိုးငွေပါ  တွက်ချက်ပြီး ချီးမြှင့်ငွေ ပေးအပ်လျက်ရှိပါကြောင်း၊ ထပ်ဆောင်းတန်ဖိုးသတ်မှတ်ရာတွင် ရှေးဟောင်း ဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်း အခြေအနေ၊ ပြုလုပ်ထားသည့် ပစ္စည်းအမျိုးအစား၊ အနုပညာ လက်ရာမြောက်မှုအဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတို့အပေါ်တွင် မူတည်၍ စစ်ဆေးရေး အဖွဲ့က   စိစစ်သတ်မှတ်ပေးလျက်ရှိပါကြောင်း၊  ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ်ကာလထိ ခေတ် ခွဲခြား၍  ခေတ်ကာလကြေးကို  ၅၀  ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းထိလည်းကောင်း၊ လက်ရာကြေးအဖြစ်  ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ လည်းကောင်း  ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိ  ကြောင်းပြောကြားသည်။  

ကိုတွတ် (ပြန်/ဆက်)