မုံရွာ ဖေဖော်ဝါရီ ၁၄
အလုပ်သမားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံအရာရှိက လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း နှင့်ပတ်သက်၍ လည်းကောင်း၊ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအကြောင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားပြီး အကျိုးခံစားခွင့်ရရှိသူ၏ မိသားစုဝင်များထံသို့ အကျိုးခံစားခွင့်ငွေများကို ပေးအပ်သည်။
ထောက်ပံ့ပေးအပ်သည့် အကျိုးခံစားခွင့်များအနေဖြင့် မုံရွာမြို့ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အာမခံအလုပ်သမား အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁၀၈ သိန်းကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး မြန်မာဘရူဝါရီလီမိတက်မှ၊ မင်္ဂလာဒုံမြို့နယ် လူမှု ဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးဝင်းမောင်၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ်သူ မိသားစုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၃၉၂၀၀၀ ကို လည်းကောင်း၊ စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော NTT သစ်အချောထည် စက်ရုံမှ အာမခံအလုပ်သမား ဦးဝင်းမင်းသန်း၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုကြောင့် ကျန်ရစ် သူ မိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၃၂၀၀၀၀ ကိုလည်းကောင်း တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးအောင်ငြိမ်းတို့က လက် ရောက် ပေးအပ်ကြသည်။
အခမ်းအနားသို့ မိတ်ဖက်ဌာနများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ခရိုင် (ပြန်/ဆက်)



