နေပြည်တော် ဖေဖော်ဝါရီ ၁၄
၁။ တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး နိုင်ငံတော်၏ အနာဂတ် ဖြစ်သော လူငယ်များ၏ ပညာရေးကဏ္ဍကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်း များမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိနိုင်ငံ့ ဝန်ထမ်းကောင်း ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦးနှင့် ဒဏ်ရာရ သူ ၂၅ ဦး ရှိနေပြီဖြစ်သည်။ ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက် ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ် ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေအရ တားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရ အသုံးပြုခြင်း ကိုလည်း ပြုလုပ်လျက်ရှိကြောင်း မြေပြင်စစ်ဆေးတွေ့ရှိချက်များအရ သိရှိရသည်။
၂။ ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၂၇ တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများ ပိတ်ထားရခြင်းကို ရှုတ်ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်း ထားသည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော “လက်နက်ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရန်လမ်းညွှန်ချက်များ” တွင်လည်း ပညာရေးနှင့် သက်ဆိုင်သော နေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထားသကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေးဝန်ထမ်း များကိုလည်း ဖိအားပေးအကျပ်ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်း များအား မပြုလုပ်ရန် တားမြစ်ထားပါသည်။
၃။ သို့သော် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် သောင်းကျန်းသူအဖွဲ့အစည်းများသည် အစိုးရဆန့်ကျင်ရေးကို အကြောင်းပြ၍ စာသင်ကျောင်းများအား အတင်းအဓမ္မပိတ်ခိုင်းပြီး စစ်စခန်းများအဖြစ် အသုံးပြုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက(မိုးတားလေး) စာသင်ကျောင်း အတွင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက တပ်မတော်စစ်ကြောင်းများအားတိုက်ခိုက်ရန် စာသင်ကျောင်းဝင်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိ ရပြီး KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ဒေသခံ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး စာသင်ကျောင်း များအား စစ်စခန်းများအဖြစ် အသုံးချလျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည့် ရွာသားများ၏ ရင်ဖွင့်စကားသံများကိုလည်း ယခု ကဲ့သို့ ကြားသိခဲ့ရပါသည်-
“ကျောင်းသားတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို စစ်စခန်း အနေနဲ့ KIA နဲ့ PDF အဖွဲ့က ဘန်ကာတွေ လာလုပ်သွားတာပါ။ စစ်စခန်းလုပ်ပြီး ဒီမှာလည်း သူတို့ရံဖန်ရံခါ နေပါတယ်။ သူတို့အင်အား ကတော့ တစ်ခေါက်လာရင် အနည်းဆုံးအင်အား ၅၀ နဲ့ ၁၀၀ ကြား လာပါတယ်။ သဲအိတ်တွေကိုတော့ ပြီးခဲ့တဲ့ ၁၂ လပိုင်းလောက်က ကျွန်တော်တို့ ရွာကိုလာပြီး သူတို့ စစ်စခန်းချတဲ့ အချိန်မှာ အကာအကွယ် အနေနဲ့ သူတို့လုပ်သွားတာပါ။ ကျွန်တော်တို့ ရွာကိုလာရင် သူတို့တွေ ဒီစာသင်ကျောင်းမှာပဲ စတည်းချပြီးနေတာများတယ်ဗျ။ ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လုပ်၊ ခုတုံးလုပ်ပြီး နေတယ်လို့ပဲ ကျွန်တော်တို့ကတော့ အဲဒီလိုပဲ ထင်တယ်ဗျ။ စာသင်ကျောင်းတစ်ဝန်းလုံး အကာအကွယ်တွေ ဘန်ကာတွေ ဆောက်ထားတာ။ ရွာသားတွေကိုခေါ်ပြီး အတင်းအဓမ္မခိုင်းပြီး လုပ်ခိုင်းတာဗျ။ များသောအားဖြင့် ဒီကောင်တွေ ဒဏ်ကိုခံရတာက တော့ ထမင်းတွေ ချက်ကျွေးရတယ်။ တစ်အိမ်ကို ထမင်းသုံးနပ် ရံဖန်ရံခါဆိုရင် ဆက်ကြေးအနေနဲ့ ပိုက်ဆံကောက်ခံတာတွေလည်းရှိ တယ်။ ကျွန်တော်တို့ ကျေးရွာသားတွေအနေနဲ့ကတော့ KIA/PDF တွေလာတာကို လုံးဝမနှစ်သက်ပါဘူး။ ကျေးရွာကလည်း ဒီကောင်တွေ ဒဏ်ခံရတာ အမြဲတမ်း လစဉ်လိုလို ဖြစ်နေတော့ ဒီအဖွဲ့အစည်းကို လုံးဝလက်မခံပါဘူး။”
“ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ် လာလုပ်တာ စစ်စခန်းလာလုပ်တာကတော့ ၁၂ လပိုင်း လလယ်လောက်က စတာပါ။ သူတို့ကို စားစရာ သောက်စရာ ဆန်တွေ၊ ဆီတွေ လုပ်ပေး ရပါတယ်။ အခုလို အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို ကျွန်တော့်အနေနဲ့ လုံးဝသဘောမကျပါဘူး။”
၄။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာ၏ စာသင်ကျောင်း အတွင်းရှိ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသော စစ်စခန်းများ အား ရွာသူရွာသားများနှင့် အတူတကွ ပြန်လည်ဖျက်ဆီးခဲ့ပြီး ကျောင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းအပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)တွင် ဖော်ပြထားသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင်ကျောင်းများအား အသုံးပြုခြင်းကို ထိထိရောက်ရောက်တားဆီး ပေးရန် တိုက်တွန်းချက်အရ ပညာရေးကဏ္ဍအား အကြမ်းဖက်သမားများ ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ် တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး အစီအမံများအား ဆောင်ရွက်လျက်ရှိပါသည်။
၅။ NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် နိုင်ငံတကာဥပဒေများ၊ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက် တိုက်ခိုက်နေသော်လည်း အချို့သော နိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို မသိကျိုးကျွံပြုကာ ၎င်းအဖွဲ့ အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများပေါ်တွင် အားပေး ထောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုသို့ ပြုလုပ်နေမှုများသည် အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးတို့ကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ပညာသင်ကြားရေးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်သမားများအား အားပေးအားမြှောက်ပြုနေခြင်းဖြစ်ပြီး ထိုသို့အားပေးအားမြှောက်ပြုနေ ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေမှုများအား နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း သတိပြုရန် လိုအပ်မည်ဖြစ်ပါ သည်။
၆။ သို့ဖြစ်ပါ၍ KIA အဖွဲ့နှင့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို ဖျက်ဆီးပြီး ၎င်းတို့၏ လက်နက်ကိုင်တိုက်ခိုက်မှုအတွက် စာသင်ကျောင်းများအား စစ်စခန်းများ သဖွယ် အကာအကွယ်ယူ အသုံးချတိုက်ခိုက်နေမှုများအား နိုင်ငံတကာက သိရှိနိုင်ရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့



