ပုသိမ် ဖေဖော်ဝါရီ ၁၁
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများ ဖွင့်ပွဲကို ယမန်နေ့က ပုသိမ်မြို့ရှိ ပြည်ထောင်စုကွင်း (ကန်သာယာ)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြခန်း တာဝန်ခံများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင် ရှစ်ခရိုင်မှ ခင်းကျင်း ပြသထားသည့် ဒေသထွက်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု ၍ ဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်း တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန် ပြပွဲများကို ဖေဖော် ဝါရီလ ၁၀ ရက်မှ ၁၃ ရက်အထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင် ရှစ်ခရိုင်မှ ပြခန်းများ အပါအဝင် ပြခန်း ၆၂ ခန်းပါဝင်ပြသလျက်ရှိကာ လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



