အဏ္ဏဝါဂေဟစနစ် ဖွံ့ဖြိုးရေးအတွက် များစွာအရေးပါသည့် အပြာရောင်စီးပွားရေးစနစ်

 

မြန်လင်းမောင်
 

လက်ရှိကမ္ဘာပေါ်၌ ငါးအလွန်အကျွံငါးဖမ်းခြင်း၊ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုဖောက်ပြန်ခြင်းတို့၏ ခြိမ်းခြောက်မှုအောက်တွင် အဏ္ဏဝါဂေဟစနစ်များကို  ကယ်တင်နိုင်ရန်အတွက် ရှစ်ရာခိုင်နှုန်းသာရှိသည့်  အဏ္ဏဝါထိန်းသိမ်းရေးဧရိယာများကို  လာမည့် ၁၀ နှစ်ခန့်အတွင်း ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေရေးအတွက် မည်သို့ဆောင်ရွက်ရမည်ဆိုသည့်အချက်ကို ဖော်ထုတ်နိုင်ရေး အတွက် ဖေဖော်ဝါရီ ၃ ရက်က စတင်ကျင်းပလျက်ရှိသည့် ကနေဒါနိုင်ငံရှိ ကမ္ဘာလုံးဆိုင်ရာဖိုရမ်တွင် အဓိကထားဆွေးနွေးလျက် ရှိသည်။

မွန်ထရီရယ်မြို့၌   ကျင်းပခဲ့သည့် COP15  တွင်   ကမ္ဘာ့ခေါင်းဆောင်များ သဘောတူလက်မှတ်     ရေးထိုးခဲ့သည့် သမိုင်းဝင်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်အပေါ် အစိုးရ တာဝန်ရှိသူများ၊ သိပ္ပံပညာရှင်များ၊ အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများနှင့် ဌာနေ တိုင်းရင်းသားအဖွဲ့   ၃၀၀၀   တို့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကနေဒါ နိုင်ငံ ဗန်ကူးဗား၌   ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ ပင်လယ် ရေကြောင်း  ထိန်းသိမ်းရေးနယ်မြေများ ဆိုင်ရာညီလာခံ (IMPAC5) တွင် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။
စိန်ခေါ်မှုကြီးမား
ကုလသမဂ္ဂဇီဝမျိုးစုံ    မျိုးကွဲများ ဆိုင်ရာညီလာခံ (COP15) တွင် သဘော တူညီထားသည့်  ၂၀၃၀  ပြည့်နှစ်တွင် ကမ္ဘာမြေနှင့် သမုဒ္ဒရာများ၏ ၃၀ ရာခိုင် နှုန်းကို   ကာကွယ်နိုင်ရေးပန်းတိုင်သို့ ရောက်ရှိရန် မူဘောင်တစ်ခု ချမှတ်နိုင်ရေး အရေးကြီးသည်ဟု   သိပ္ပံပညာရှင်များက တောင်းဆိုထားသည်။   အရေးကြီးသော ဂေဟစနစ်များနှင့်    မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်    ရည်ရွယ် ချက်ဖြင့် အကန့်အသတ်မဲ့ သမုဒ္ဒရာများ ၏ ဧရိယာလေးပုံ  တစ်ပုံကို   ထိန်းသိမ်း စောင့်ရှောက်ရေးသည် စိန်ခေါ်မှုကြီးမား လှသည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။
ကမ္ဘာ့မျက်နှာပြင်၏    လေးပုံသုံးပုံ နီးပါးကို  လွှမ်းခြုံထားသည့်   ပင်လယ် သမုဒ္ဒရာများသည် ဇီဝမျိုးစုံမျိုးကွဲ မျိုးစိတ် များ၏ လေးပုံတစ်ပုံခန့်   နေထိုင်ကြပြီး လူသားများကြောင့်   ထွက်ရှိလာသည့် ကာဗွန်ဓာတ်ငွေ့   ထုတ်လွှတ်မှု၏   ၃၀ ရာခိုင်နှုန်းကို စုပ်ယူပေးလျက်ရှိသည်။ အထူးသဖြင့် သမုဒ္ဒရာများကို ပိုမိုရေရှည် တည်တံ့စွာ ကာကွယ်ထိန်းသိမ်းခြင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို   ပိုမိုခံနိုင် ရည်ရှိစေမည့်အပြင်    ဇီဝမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးနှင့်   ကမ္ဘာကြီး ပူနွေးလာမှုကို  ကန့်သတ်နိုင်ရန်အတွက် လည်း   အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ဟန်ချက်ညီ ထိန်းသိမ်းကာကွယ်
စီးပွားရေး    ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့သည်     သဘာဝ ပတ်ဝန်းကျင်နှင့်   ဂေဟစနစ်များကို အကာအကွယ်ပေးခြင်းနှင့် ဟန်ချက်ညီ ပါသည်။  သမုဒ္ဒရာနှင့်    ကမ်းရိုးတန်း အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုခြင်းဖြင့် အစိုးရများနှင့်   ရပ်ရွာ လူထုများသည်    အနာဂတ်မျိုးဆက် များအတွက်   မတူကွဲပြားသော သာယာ ဝပြောသည့်   စီးပွားရေးအဆောက်အအုံ တစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ ပင်လယ် သမုဒ္ဒရာဂေဟစနစ်များကို  ဟန်ချက်ညီ ထိန်းသိမ်းကာကွယ်နိုင်ခြင်းအားဖြင့် ရရှိ မည့်  အကျိုးကျေးဇူးများမှာ  ပိုမိုပေါများ သည့် ငါးသယံဇာတများ ရရှိလာစေခြင်း၊ ငါးဖမ်းခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပြုသည့်လုပ်ငန်းများ တိုးတက်လာခြင်း၊ ပိုမိုကျန်းမာသော   ပင်လယ်ရေအောက် သဘာဝပတ်ဝန်းကျင်ကို ဖြစ်ပေါ်လာစေ ခြင်း၊ ဂေဟစနစ်ခံနိုင်ရည်ကို မြှင့်တင်ပေး ခြင်းနှင့်   အနာဂတ်မျိုးဆက်သစ်များ အတွက် ပိုမိုအခွင့်အလမ်းများကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။
ထို့ကြောင့်   နိုင်ငံတကာအစိုးရများ သည်  ကမ္ဘာမြေပေါ်ရှိ   သက်ရှိများကို ပံ့ပိုးပေးသည့် အရေးကြီးသောဂေဟစနစ် များကို   နှောင့်ယှက်ဖျက်ဆီးနေသည့် လုပ်ဆောင်မှုများကို တားမြစ်ရမည်ဖြစ် ကြောင်း သမုဒ္ဒရာရေနက်ပိုင်း ထိန်းသိမ်း ရေး မဟာမိတ်အဖွဲ့၏ ညွှန်ကြားရေးမှူး ဆိုင်ယန်အိုဝင်က တောင်းဆိုလိုက်သည်။
အမှီသဟဲပြု
လူသားတို့၏  လုပ်ဆောင်ချက်များ ကြောင့်  အပင်နှင့်   တိရစ္ဆာန်မျိုးစိတ် တစ်သန်းကို မျိုးသုဉ်းရန်  တွန်းအားပေး နေသော်လည်း ကမ္ဘာ့ဂျီဒီပီ၏ ထက်ဝက် ကျော်သည်   သဘာဝအရင်းအမြစ်များ အပေါ်တွင်   အမှီသဟဲပြုနေကြရသည်။ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာစနစ်သည် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်း၏ အဓိက မောင်းနှင်အားဖြစ်ပြီး စိုက်ပျိုးရေးတစ်ခု တည်းတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ် ၂၈၀၀၀ ၏ ၈၅ ရာခိုင်နှုန်းကျော်ကို ခြိမ်းခြောက်နေကြောင်း၊ ထို့အတူ အဏ္ဏဝါ ပလတ်စတစ်ညစ်ညမ်းမှုသည်    ၁၉၈၀ ပြည့်နှစ်မှစ၍     ဆယ်ဆတိုးလာခဲ့ပြီး ပင်လယ်လိပ် ၈၆ ရာခိုင်နှုန်း၊ ပင်လယ်ငှက် ၄၄ ရာခိုင်နှုန်းနှင့် ရေနေနို့တိုက်သတ္တဝါ ၄၃  ရာခိုင်နှုန်းတို့အပါအဝင်   တိရစ္ဆာန် မျိုးစိတ် ၂၆၇ မျိုးထက်မနည်းကို ထိခိုက် စေခဲ့ကြောင်း ဇီဝမျိုးကွဲစုံလင်မှုနှင့် ဂေဟ စနစ်ဝန်ဆောင်မှုဆိုင်ရာ အစိုးရများသိပ္ပံ မူဝါဒအဖွဲ့ (IPBES)၏ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ဝန်ဆောင်မှုများဆိုင်ရာ အကဲ ဖြတ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
အပြာရောင်စီးပွားရေး
ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၂၀၃၀   ပြည့်နှစ်    ကုလသမဂ္ဂစဉ်ဆက် မပြတ်ဖွံ့ဖြိုးရေး   ရည်မှန်းချက်ပန်းတိုင် (၁၇) ရပ်   ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ ကမ္ဘာ့နိုင်ငံများက အပြာရောင် စီးပွားရေး     (Blue   Economy) သဘောတရားများ ဖော်ထုတ်ဆောင်ရွက် လာခဲ့ပြီး ဒေသတွင်းမိတ်ဖက်နိုင်ငံများ၌ လည်း အကောင်အထည်ဖော်ဆောင်ရွက် လာကြသည်ကို လေ့လာတွေ့ရှိရသည်။ အပြာရောင် စီးပွားရေး (Blue Economy) သည် ပင်လယ်၊ သမုဒ္ဒရာနှင့် သက်ဆိုင် သော   စီးပွားရေးဖွံ့ဖြိုးမှုသက်သက်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ   ပင်လယ် ကမ်းရိုးတန်းသယံဇာတများ    ရေရှည် တည်တံ့ရေး၊  ပင်လယ်သမုဒ္ဒရာ   ဂေဟ စနစ်  တည်ငြိမ်ရေး၊    ပင်လယ်များနှင့် ထိစပ်လျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ   ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက် စေရေးအတွက် ဦးတည်ဆောင်ရွက်ခြင်း ပင် ဖြစ်သည်။
လက်ရှိအချိန်တွင် အဏ္ဏဝါဇီဝ  မျိုးစုံ မျိုးကွဲများ၊   သန္တာကျောက်တန်းများ၊ ဒီရေတောများ၊  ပင်လယ်မြက်ခင်းများ၊ ငါးပုစွန်ရေထွက်သယံဇာတများ ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။ ယင်း၏ အကျိုးဆက်အနေဖြင့်       စားနပ်ရိက္ခာ လုံခြုံမှုလျော့ပါးလာခြင်းနှင့်     အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ထိခိုက်လာ ခြင်းကို    ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပင်လယ်အတွင်း ပလတ်စတစ်အမှိုက်များ၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးစွန့်ပစ် ပစ္စည်းများ    ထိန်းချုပ်နိုင်ရေးစသည့်  စိန်ခေါ်မှုများကို    ထိထိရောက်ရောက် ဖြေရှင်း   ဆောင်ရွက်သွားရန်အတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် သွားရမည်ဖြစ်သည်။