
နေပြည်တော် ဇန်နဝါရီ ၁၈
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ပျဉ်းမနားမြို့ ပေါင်းလောင်း(၃)ရပ်ကွက် ပေါင်းလောင်း (၁၆) လမ်းရှိ မကြူမိုးသန့်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၁၂၉၁ ပြားနှင့် အိုက်စ် ၀ ဒသမ ၆ ကီလို ကိုလည်းကောင်း။
ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာအုပ်စု မြိတ်တောင်ကျေးရွာ ချမ်းမြေ့သာယာရပ် ချမ်းမြေ့ သာယာ(၉)လမ်းနေ မသစ်သစ်ဝေ (ခ) ဒေါ်ပု၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ထိုနေ့ ည ၇ နာရီခွဲတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ကျေးရွာ မြို့ပတ်(၁)လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မဇင်မိုးအိ ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ည ၈ နာရီခွဲတွင် မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ကလွင် ကျေးရွာ တက္ကသိုလ်ရပ် စိမ်းလဲ့သာယာ (၁) လမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကိုလည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလူ ကျေးရွာအနီး မိုင်းဆတ် - မိုင်းတွမ်းသွား ကားလမ်းမပေါ်တွင် ပတ်ကျုပ် ဘွန်ရော့(ခ)ကျလွန် ထပ်ကျိုင်း မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)