ပခုက္ကူ ဇန်နဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုကာလတိုသင်တန်း များကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိ ၆၂ ကြိမ်ရှိပြီဖြစ်ကြောင်း အဆိုပါကျောင်းတာဝန်ရှိသူထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မြို့နယ် အတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေး ဝမ်းကျောင်း အထောက်ကူပြုပညာရပ်များ ဖွင့်လှစ် သင်ကြားပေးခြင်းကြောင့် ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များ ဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက် နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်း ဝင်ငွေ တိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ် ပညာရပ်များကို မှန်ကန်စွာအသုံးချ၍ မိသားစုဝင်ငွေ ကို တစ်ဖက်တစ်လမ်းမှ ရှာဖွေနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ပခုက္ကူ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက ပြောသည်။
သင်တန်းကျောင်းတွင် ချည်မျှင်နှင့် အထည် အလိပ် ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက် ကန်းပညာရပ် ခြောက်လသင်တန်းများအပြင် အခြေခံ စားသောက်ကုန်သင်တန်း၊ တန်ဖိုးမြင့် စားသောက် ကုန် ထုတ်လုပ်မှုသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ ရက်ကန်းပညာရပ်ဆိုင်ရာ အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များ မှ စတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ် သော အဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသော ပြည်သူ များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူ ပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံး ပါက ရက်ကန်းပညာရပ်များဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်နိုင်ရန်၊ သင်တန်းထူးချွန်ဆု ရရှိသူများအား ရက်ကန်းစင်တစ်စုံစီ ချီးမြှင့် ပေးခြင်း၊ အခြားစားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ပြီးဆုံးသူများ အား သင်တန်းဆင်းလက်မှတ်၊ အထောက်အကူပြု ပစ္စည်းနှင့် နည်းပညာပံ့ပိုးကူညီခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းတွင်းသင်တန်းများ အပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားရရှိ စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အသိ ပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါသင်တန်းကျောင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်း၊ စက်ရက်ကန်းသင်တန်း၊ လက်ရက်ကန်း သင်တန်း၊ ဓာတုနှင့် သဘာဝဆိုးဆေးသင်တန်း၊ ဓာတုဆိုးဆေးသင်တန်းများ တစ်ကြိမ်စီ၊ အခြေခံ စက်ချုပ်သင်တန်း၊ အထည်ဆေးရေးနည်းနှင့် ပုံရိုက် အခြေခံသင်တန်းများနှစ်ကြိမ်စီ၊ ဝါးအခြေခံလက်မှု ထည်သင်တန်းလေးကြိမ်၊ သဘာဝ ဆိုးဆေးသင်တန်း ခုနစ်ကြိမ်၊ တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းခြောက်ကြိမ်၊ သစ်သီးဝလံအခြေခံ စားသောက်ကုန်သင်တန်း ၁၇ ကြိမ်၊ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ၁၉ ကြိမ် စသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ကာလ တို သင်တန်းများ ၆၂ ကြိမ်အထိ ဖွင့်လှစ်ပြီး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၁၇၃ ဦး ကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



