ပါရီအိုလံပစ် အာရှဇုန်အမျိုးသမီးခြေစစ်ပွဲ ဇန်နဝါရီ ၁၂ ရက် ကျင်းပမည်

 

ရန်ကုန်   ဇန်နဝါရီ   ၁၀
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် ၂၀၂၄  ပါရီအိုလံပစ် အာရှဇုန် အမျိုးသမီးဘောလုံးခြေစစ်ပွဲ ပထမအဆင့်အုပ်စုမဲခွဲပွဲကို  ဇန်နဝါရီ  ၁၂  ရက်တွင်  ကျင်းပမည် ဖြစ်သည်။
အာရှဇုန်ခြေစစ်ပွဲကို အဆင့်သုံးဆင့်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပထမအဆင့်တွင် အသင်းစုစုပေါင်း ၂၆ သင်း ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၃ ရက်မှ ၁၁  ရက်အထိ  ကျင်းပမည်ဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကို အုပ်စု ခုနစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးအသင်း များသာ ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ခွင့်ရမည်ဖြစ်သည်။


အာရှဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲအုပ်စုမဲခွဲရန် ဆီဒင် သတ်မှတ်ချက်များကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး မြန်မာ အသင်းသည် Pot-1 တွင် ပါဝင်ခဲ့သည်။ Pot-1 တွင် မြန်မာ၊ ဗီယက် နမ်၊ ထိုင်း၊ တရုတ်(တိုင်ပေ)၊ ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ Pot-2 တွင် ဂျော်ဒန်၊ အီရန်၊ အင်ဒိုနီးရှား၊ နီပေါ၊ ကာဂျစ္စတန်၊ ဟောင်ကောင်၊ မွန်ဂိုလီးယား၊ Pot-3 တွင် စင်ကာပူ၊ လက်ဘနွန်၊ တာဂျစ်ကစ္စတန်၊   တီမော၊  ပါလက်စတိုင်း၊  တာ့ခ်မင်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊  Pot-4 တွင် ဘူတန်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အသင်းတို့ ပါဝင်နေသည်။  ဒုတိယ အဆင့်ခြေစစ်ပွဲတွင် ပထမအဆင့်မှ တက်ရောက်လာသည့် ခုနစ် သင်းနှင့်   တိုက်ရိုက်ကစားခွင့်ရသည့်  ဂျပန်၊  မြောက်ကိုရီးယား၊ သြစတြေးလျ၊   တရုတ်၊  တောင်ကိုရီးယား၊  စုစုပေါင်း  ၁၂ သင်း ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် အိုလံပစ်ခြေစစ်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများ အတွက်   ဒီဇင်ဘာလကတည်းက  လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဧပြီလတွင် ပါရီအိုလံပစ် ပထမ အဆင့်    ခြေစစ်ပွဲကစားပြီးပါက  မေလတွင်  (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။


ရဲရင့်လွင်