ရန်ကုန် ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော် ဝန် ဦးညီညီနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းက တွံတေးမြို့နယ် ရေတွင်းကုန်း ကျေးရွာအနီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ရှင်းလင်း ဆောင်သို့ ရောက်ရှိပြီး ရေတွင်း ကုန်းနှင့် ကွင်းပေါက်ရွာအကြား ကွန်ကရစ် ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ ပြီးစီးရေး ဆောင် ရွက်ရန် မှာကြားသည်။
အဆိုပါ ရွှေမုယင်းဒေသသို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်း ဖြစ်သော မမျိုးစု - ကင်းရွာ-ခရမ်းဝ - ရေတွင်းကုန်း - ကွင်း ပေါက်လမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က ဆောင်ရွက်လျက် ရှိသော ခရမ်းဝကျေးရွာမှ ကွင်း ပေါက်ကျေးရွာ လမ်းပိုင်းသည် အောက်ခံ ၆ လက်မထု၊ အကျယ် ၁၄ ပေ၊ အရှည် ပေ ၇၅၀၀ အထိ ဆောင်ရွက်ပြီးဖြစ်ရာ မူလလမ်း အရှည် ပေ ၂၁၂၇၀ ၏ အောက်ခံ မြေသားပြုပြင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ပြီးစီးသည့်အပြင် လုပ်ငန်းတစ်ခုလုံး ၅၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းတစ်ခုလုံး ခင်းကျင်း ပြီးစီးပါက တွံတေးမြို့နယ် ရွှေမု ယင်း ဒေသအတွင်းရှိ လယ်ယာ စိုက်ပျိုးရေး၊ ဆန်စပါးနှင့် ငါး မွေးမြူရေး လုပ်ငန်းများအပြင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး များ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာနိုင် မည်ဖြစ်သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ-တွံတေး လမ်းပေါ်ရှိ ကွန်ကရစ်ဖျော်စက်သို့ သွားရောက်၍ စက်များ ကြံ့ခိုင် ကောင်းမွန်မှု ရှိစေရေးနှင့်လုပ်ငန်း များ ပုံမှန်လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်း များ အမြန်ပြီးစီးနိုင်ရေးအတွက် ကွန်ကရစ်များ အချိန်မီပေးပို့နိုင် ရေး မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်မြို့နယ် (၁၂) ရပ်ကွက်၊ ပါရမီလမ်းသို့သွားရောက် ၍ ပြည်လမ်းနှင့် ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အဝင် လမ်းအကြား လမ်းသားတိုးချဲ့ မြေပြုပြင်၍ ကွန်ကရစ်ခင်းကျင်း နေမှုကို ကြည့်ရှုရာ ကွန်ကရစ် ခင်းကျင်းနေမှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး တိုးချဲ့လမ်းနှင့် အင်းလျား လေးကန်စပ်အကြား လူသွားစင်္ကြံ စက်ဘီးလမ်းကို လည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်



