ရန်ကုန် ဇန်နဝါရီ ၇
မြန်မာနိုင်ငံရှိ ဖရဲစိုက်တောင်သူများအနေ ဖြင့် နေရာဒေသအနှံ့တွင် ဖရဲကို ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးကြသော်လည်း ယခင်နှစ် များက ပြည်တွင်းဈေးကွက်မရရှိခဲ့ခြင်း နှင့် နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ခြင်းတို့ ကြောင့် ဈေးကောင်းမရသည့်အပြင် အရင်း အနှီးနှင့် လုပ်အား ဆုံးရှုံးမှုများ ကြုံတွေ့ကြ ရသည်။
ယခုအခါ မြန်မာကုန်သွယ်မှု နယ်စပ်ဂိတ် များ ပြန်လည်ဖွင့်လှစ်နေသည့်အတွက် မြန်မာ့ဖရဲဈေးကွက်သည် ယခင်နှစ်များထက် ဈေးအမြင့်ဆုံးတွင် ရပ်တည်နေပြီဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက ကျင်းပသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်တော်ကြီး (မြေပဒေသာ ကျွန်း) ဟင်းသီးဟင်းရွက် သစ်သီးဝလံ နှင့် ပန်းမန်ပြပွဲပြိုင်ပွဲ ဖရဲအလုံးကြီးပြိုင်ပွဲ၌
ပထမဆုရ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အုန်းပင်ကုန်းကျေးရွာ ဖရဲစိုက်တောင်သူ ဦးကျော် စွာဝင်း က ပြောသည်။
“ဖရဲဈေးကွက်ကလည်း လမ်းကြောင်းပွင့်သွား ပြီ။ တရုတ်ပြည်အထဲမှာ ရောင်းတဲ့အသီးက အသီး အကြီးအလှပေါ့။ ၁၁၀၀၊ ၁၂၀၀ လောက်ဆို ယွမ်ငွေ လေးယွမ်ကျော်လောက်အထိ ဖြစ်တယ်။ မှည့်ပြီး အလုံးသေးတွေကျတော့ နှစ်ယွမ်ကျော်လောက်ပဲ ရတယ်။ အရင်ကထက်စာရင် အများကြီးတော့ တက်သွားတယ်။ တက်သွားတဲ့ အကြောင်းကလည်း ကုန်သွယ်မှုစီးဆင်းမှုကို သူတို့က ဖြေလျှော့ပေးလိုက် တဲ့အတွက် ကျွန်တော်တို့ တောင်သူတွေ အခွင့် အလမ်း တစ်ပန်းသာသွားတယ်။ ဖရဲကတော့ စိုက်တဲ့နည်းတွေ အမျိုးမျိုးရှိတာပေါ့။ ကျွန်တော် တို့ကတော့ ရေအစက်ချစနစ်နဲ့ စိုက်လာတာပါ။ ရေပိုက်တွေနဲ့ ရေအစက်ချစနစ်နဲ့ စိုက်တာပါ။ တချို့ က ကျတော့လည်း ကျွန်တော်တို့ ပထမစိုက်နေကျ ရေသွင်းစနစ်ပေါ့။ ရေသွင်းစနစ်ကိုမှ သူတို့က လူနဲ့ စိုက်တယ်။ ကျွန်တော်တို့ကတော့ စိုက်စနစ်တွေ ပြောင်းလဲစိုက်တာ ခုနစ်နှစ်လောက်တော့ရှိပြီ”ဟု ဦးကျော်စွာဝင်းက ဆက်လက်ပြောသည်။
“ယခု မူဆယ်ဈေးကွက်နဲ့ မြန်မာပြည် တစ်နှံ တစ်လျားမှာ အကြီးအကျယ်ရောင်းချနေတဲ့ ဖရဲ အလုံးကြီးလို့ပြောနေကြတဲ့ ၈၅၅ ခေါ်တဲ့ ဖရဲသီးက မြန်မာ့ဂန္ထဝင်ဖရဲပေါ့။ ဒီပြိုင်ပွဲက စိုက်ပျိုးသူ တောင်သူအချင်းချင်း စိုက်ပျိုးနည်းပညာ ဖလှယ် နိုင်မယ်။ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို အချင်း ချင်း ကူညီဖြေရှင်းပေးခြင်းကနေပြီး ရရှိလာတဲ့ ဗဟုသုတတွေကို ဝေမျှပေးနိုင်မယ်။ အရည်အသွေး မြင့်တဲ့ ဖရဲသီးတွေ ထွက်ရှိလာမယ်။ ဈေးကွက် ပြိုင်ဆိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်မယ်” ဟု မြန်မာ့ ဂန္ထဝင်ဖရဲသီးပြပွဲပြိုင်ပွဲတွင် စိုက်ပျိုးရေးအကြံပေး ဒေါ်မြင့်မြင့်အေးက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများ က ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ငွေသားဆုများ ချီးမြှင့်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖရဲစိုက်တောင်သူ ၅၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဖရဲတန်ချိန်ပေါင်း ရှစ်သိန်းကျော် တင်ပို့ နေရပြီး၂၀၂၁ - ၂၀၂၂ ခုနှစ်၏ လေးပုံတစ်ပုံသာဖြစ် သည့် ဖရဲတန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ ကြောင်း ကုန်သည်များထံမှ သိရှိရသည်။
အာကာလင်း
ဓာတ်ပုံ - တင်စိုး



