မန္တလေး အောက်တိုဘာ ၂၉
ယခုနှစ် ကော်ဖီရာသီတွင် မြန်မာ့ထွက်ကုန် ကော်ဖီများကို ပြည်ပ နိုင်ငံများသို့ တန်ချိန် ၁၀၀၀၀ တင်ပို့ရောင်းချသွားနိုင်ရေး စီစဉ် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း (မန္တလေး တိုင်းဒေသကြီး) နာယက ဦးရဲမြင့်က ပြောသည်။
မြန်မာနိုင်ငံအတွင်း ကော်ဖီစိုက်ဒေသများအလိုက် အရည်အသွေး မြင့် အထူးတန်းဝင်ကော်ဖီကို အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ထွက်ရှိလာသည့် ကော်ဖီများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ ကြောင်း၊ အဆိုပါကော်ဖီများသည် ယခုလမှ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် လှိုင်လှိုင်ပေါ် လေ့ရှိကြောင်း၊ ယင်းကော်ဖီများကို မတ်၊ ဧပြီ၊ မေလတို့မှစတင်ပြီး Export အနေဖြင့် အမေရိကား၊ နယ်သာလန်၊ သြစတေးလျ၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တန်ချိန် ၁၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ကော်ဖီဈေးကွက်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်ပြီး ကော်ဖီခြံတိုင်း ဖျက်ပိုးတွေကျရောက် တဲ့အတွက် အထွက်နှုန်းကတော့ နည်းပါတယ်။ မြန်မာနိုင်ငံမှာ ကော်ဖီထွက်ရှိတာက တန်ချိန် ၁၀၀၀၀ လောက်ထွက်တာဆိုတော့ ထွက်သလောက်တန်ချိန်ကို ပြည်ပတင်ပို့ဖို့ ခန့်မှန်းထားပါတယ်။ ကော်ဖီက ပြည်တွင်းဖြုန်းအားအနေနဲ့လည်း တိုးတက်လာပါတယ်။ ကော်ဖီကောင်းသောက်တဲ့သူတွေ ပေါ်လာပါပြီ။ ပြည်တွင်းထွက်ကုန်ဖြစ် တဲ့အတွက် သွင်းကုန်နဲ့ စာရင် ဈေးနှုန်းယှဉ်ပြိုင်နိုင်ပါတယ်။ ကော်ဖီ စိုက်ဧရိယာတွေလည်း များလာပါပြီ” ဟု ၎င်းကရှင်းပြသည်။
ယခင်နှစ် ကော်ဖီရာသီချိန်က Export အနေဖြင့် ပြည်ပနိုင်ငံများသို့ ကော်ဖီတန်ချိန် ၅၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ ထွက်သလောက် ကော်ဖီများလည်း လက်ကျန်မရှိသလောက် ရောင်းချခဲ့ရကြောင်း၊ ဈေးနှုန်းများအနေဖြင့် ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၅၀၀ မှ ၈၃၀၀ အထိ ဈေးနှုန်းများရရှိခဲ့ကြောင်း၊ ယခုနှစ် ကော်ဖီရာသီ တွင်လည်း တန်ချိန် ၁၀၀၀၀ တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။
မောင်အေးချမ်း



