ဘန်ကောက်၌ကျင်းပမည့် နိုင်ငံတကာထုတ်ကုန်ပြပွဲတွင် မြန်မာထွက်ကုန် ထောပတ်သီးများ ပြသသွားမည်

 

ပြင်ဦးလွင်   အောက်တိုဘာ   ၂၉


ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌  ကျင်းပပြုလုပ်မည့် နိုင်ငံတကာထုတ်ကုန်ပြပွဲတွင်  မြန်မာထွက်ကုန် ထောပတ်သီးများကို ဝင်ရောက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။ 

 


ဘန်ကောက်မြို့၌ လာမည့်နိုဝင်ဘာလအတွင်း  ကျင်းပမည့်  ထုတ်ကုန်ပြပွဲတွင် မြန်မာထွက်ကုန် ထောပတ်သီးများဖြစ်သော ဟက်(စ်)မျိုးနှင့် ပက်ကာ တန်ထောပတ်သီးမျိုးတို့ကို ဝင်ရောက်ပြသမည်ဖြစ် ကြောင်း၊ ထိုသို့ပြသနိုင်ခြင်းကြောင့် နိုင်ငံတကာနှင့်  ဈေးကွက်ချိတ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာထွက်ကုန် ထောပတ်သီးများကို နိုင်ငံတကာမှ စိတ်ဝင်စားမှုများ ရှိနေ၍ ဝင်ရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။

 


“ထုတ်ကုန်ပြပွဲမှာ မြန်မာထောပတ်သီးတွေကို ပြသသွားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အခုဆိုရင်  ထောပတ်စိုက်ဒေသတွေမှာ ပြည်ပမျိုးတွေကို ဆက် တိုက်စိုက်ပျိုးလာတာ တော်တော်များလာပြီ။ ဒီနှစ် ဆိုရင်လည်း   တော်တော်များများ  ထွက်ရှိလာပါပြီ။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ အသီးတွေ ပိုထွက်လာတော့မှာပါ။ အဲဒီလို ပေါပေါများများထွက်လာရင် ဈေးကွက်ကို ရှာပေးရမှာပါ။  ဒါကြောင့်  ပြပွဲတွေမှာ  ခုကတည်းက ဈေးကွက်ကို ကြိုတင်ရှာဖွေနေတာပါ။ နိုင်ငံတကာနဲ့ ဈေးကွက်မှာ     ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အခု အောက်တိုဘာလထဲမှာလည်း ပြင်သစ်နိုင်ငံမှာ မြန်မာထောပတ်သီးတွေကို ပြသခဲ့ပါတယ်။ ဒီပြပွဲမှာ ဥရောပနိုင်ငံ          တော်တော်များများက   ဟက်(စ်)ထောပတ်သီးမျိုးကို ကြိုက်နှစ်သက်ကြတာများတာကို တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောသည်။ 

 


ထောပတ်သီးကို   မြန်မာနိုင်ငံအတွင်း  ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတို့တွင် စိုက်ပျိုးကြပြီး ထောပတ်သီးအမျိုးအစားအနေဖြင့် ၂၃ မျိုးရှိကာ လက်ရှိတွင် ထောပတ်သီးစိုက်ဧက ၂၀၀၀၀ ဝန်းကျင်ရှိ ကြောင်း၊ ထောပတ်စိုက်ပျိုးသည့် တောင်သူဦးရေ အနေဖြင့် ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)