ပန်လုံမြို့၌ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဟိုပန်  အောက်တိုဘာ  ၂၉


ဟိုပန်ခရိုင်   ဟိုပန်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏  ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးသည့်  ပန်လုံမြို့  ရေပေးဝေရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပရာ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း      စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်   စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်   မြို့မိမြို့ဖများ တက်ရောက်ကြသည်။    

 


ဖွင့်ပွဲတွင်   ဥက္ကဋ္ဌ ဦးညီနပ်က   အမှာစကား ပြောကြားပြီး     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန    ခရိုင်ဦးစီးမှူး      ဦးတင်မောင်စိုးက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍     ရှင်းလင်း တင်ပြသည်။

 


ထို့နောက် ဖွင့်ပွဲကို  ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ က   ဖဲကြိုးဖြတ်၍   ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ပန်လုံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊   လူနာကုသဆောင်များ ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို    လည်းကောင်း၊   ပန်လုံမြို့   သောက်သုံးရေဖူလုံမှုရှိစေရေးအတွက်   ပြန်လည်ပြင်ဆင်ဆောင်ရွက်မည့်     ကြာကန်ကို လည်းကောင်း၊ စည်ပင်သာယာဈေးရှိ   ရေမြောင်း ပျက်စီးမှုအခြေအနေနှင့်   အမက (နမ့်ခူရှဲ) တို့ကို    ကြည့်ရှုစစ်ဆေးပြီး   လိုအပ်ချက်များကို   ညှိနှိုင်း ပေါင်းစပ်ပေးသည်။

 


ထို့နောက်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျေးလက်လမ်း ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် ချိန်ဟုန်ကျိုင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း နှင့်   အားဟိုပါးလမ်းကတ္တရာခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊  လမ်းဦးစီးဌာန၏   ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုပန်-ပန်လုံ-မိုင်းမော လမ်းပေါ်ရှိ   ကတ္တရာခင်းခြင်းလုပ်ငန်း၊   သံကူကွန် ကရစ်ဖြင့် မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်း များကိုလည်းကောင်း၊  ပညာရေးဌာန၏  ခွင့်ပြုရန်ပုံ ငွေဖြင့် အမကမူလွန် လီရှော(ပန်ကောက်)ကျောင်း တွင် ‌ပေ ၆၀ x ၃၀Steel Structure တစ်ထပ်ဆောက် လုပ်နေမှုကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဖာလင် (ရွာမ)စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို   လည်း ကောင်း၊  နတလအစီအစဉ်ဖြင့်   ဆောက်လုပ်ပေးခဲ့ သည့် ဖာလင်ကျေးရွာဘုန်းတော်ကြီးကျောင်းကို လည်းကောင်း    ကြည့်ရှုစစ်ဆေးသည်။   စစ်ဆေး တွေ့ရှိချက်များနှင့်   ပတ်သက်၍    လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း   ပြီးစီးရေး၊   စံချိန်စံညွှန်း ကိုက်ညီရေး၊ အလေအလွင့်မရှိစေရေးတို့ကို ကြီးကြပ် ဆောင်ရွက်ရန်နှင့်   ဖာလင်ဘုန်းတော်ကြီးကျောင်း လိုအပ်ချက်များကို   ပြန်လည်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)